ဟောင်ကောင်တွင် COVID-19ရောဂါထိန်းချုပ်ရေး စည်းမျဉ်းအချို့ကို ထပ်မံဖြေလျှော့လိုက်သော်လည်း စည်းမျဉ်းအများအပြားကို ဆက်လက်ထားရှိဆဲဖြစ်

ဟောင်ကောင်ဒေသခံများ အနေဖြင့် အဆောက်အအုံများသို့ ဝင်ရောက်ရာတွင် စကင်ဖတ်သည့် အက်ပလီ ကေးရှင်းကို အသုံးပြုရန် မလိုတော့ကြောင်းနှင့် ပြည်ပမှလာရောက်သူများ အနေဖြင့်လည်း စတင်ရောက်ရှိ ချိန်ကပင် ဘားဆိုင်များနှင့် စားသောက် ဆိုင်များသို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း ဟောင်ကောင် အာဏာပိုင်များက ဒီဇင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။ ကန့်သတ်ပိတ်ပင်မှုများကို ထပ်မံဖြေလျှော့ ပေးခဲ့သော်လည်း ပြည်ပမှရောက်လာသူများကို မဖြစ်မနေ PCR စစ်ခြင်း၊ ကျောင်း သားကျောင်းသူ ကလေးငယ်များကို နေ့စဉ်ဆေးစစ်ခြင်းနှင့် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရခြင်းကဲ့သို့သော စည်းမျဉ်းများကို မူ ဆက်လက်ထားရှိသွားမည်ဟု အာဏာပိုင်များက အတည်ပြုခဲ့သည်။ တရုတ်ပြည်မကြီး ၌ ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကို အလျင်အမြန်ဖယ်ခွာလာချိန်တွင် ဟောင်ကောင်၌ လတ်တလော ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တရုတ်၏ အထူးအုပ်ချုပ်ရေးဒေသဖြစ်သော မကာအိုတွင် လည်း COVID-19 ရောဂါ ကူးစက်ခံထားရသူများအား ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ နေအိမ်၌ သီးခြားခွဲ၍ နေထိုင်ခွင့်ပြုခြင်း အပါအဝင် မကြာသေးမီက ကိုဗစ်စည်းမျဉ်း ဖြေလျှော့မှုအချို့ကို လုပ် ဆောင်ခဲ့သည်။

ဟောင်ကောင်သည် တရုတ်ပြည်မကြီး၏ ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကို ပိုမို ညင်သာပျော့ပျောင်း သည့် ပုံစံဖြင့် ကျင့်သုံး ခွင့်ရှိသော်လည်း အခြားသောကမ္ဘာ့နေရာ ဒေသအများစုတွင် ဖယ်ရှားထားပြီး ဖြစ်သည့် ကန့်သတ်ပိတ်ပင်မှု အများအပြားကို ချမှတ်ထားဆဲဖြစ်သည်။ ဟောင်ကောင်တွင် ကပ်ရောဂါ ကာလ၏ အချိန်အများစု၌ အများပြည်သူနှင့်သက်ဆိုင်သော နေရာများနှင့် စီးပွားရေးဆိုင်ရာ အဆောက် အအုံများသို့ ဝင်ရောက်မှုများကို LeaveHomeSafe ဟုအမည်ရသော အက်ပလီကေးရှင်းတစ်မျိုးဖြင့် ထိန်းချုပ်ထား သည်။ ဒေသခံများသည် အဆောက်အအုံအများစုသို့ ဝင်ရောက်ရန်အတွက် QR ကုဒ်ဖြင့် စကင်ဖတ်ရန် လိုအပ်သကဲ့သို့ အပြည့်အဝကာကွယ်ဆေး ထိုးနှံပြီးသူဖြစ်မှသာလျှင် ဝင်ရောက်ခွင့်ပြုထား ပုံရသည်။ ပြည်ပမှ ရောက်ရှိလာသူအားလုံး မဖြစ်မနေ ကွာရန်တင်းဝင်ရမည့် သတ်မှတ်ချက်ကို ဟောင်ကောင် အာဏာပိုင်များက ရုပ်သိမ်းခဲ့ပြီးနောက် စက်တင်ဘာလမှစတင်ကာ ဟောင်ကောင်သို့ လေကြောင်းမှဝင်ရောက်လာသူများအား စတင်ရောက်ရှိသည့် သုံးရက်အတွင်း ဘားဆိုင်များနှင့် စားသောက်ဆိုင်များသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက အဆိုပါ စည်းမျဉ်းနှစ်ခုလုံးကို ရုပ်သိမ်းသွားမည်ဟု ပြောကြားခဲ့သည်။ “အချက်အလက်တွေနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို စဉ်းစား သုံးသပ်ပြီးတော့ အခုလိုဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။ စည်းမျဉ်းအသစ် တွေဟာ ဒီဇင်ဘာ ၁၄ ရက်မှာ စတင် အသက်ဝင်လာမှာဖြစ်တယ်” ဟုလည်း၎င်းကဆိုသည်။ ၎င်းဖြေလျှော့မှုကြောင့် ဟောင်ကောင်၏ စီးပွားရေး ကျဆင်းနေချိန်တွင် စီးပွားရေး လုပ်ငန်းများအတွက် အားတက်စရာအခြေ အနေဖြစ်လာမည် ဖြစ်သည်။     Ref: AFP