တောင်ကိုရီးယားဘက်သို့ ကြိုသတိမပေးဘဲ ဆည်ရေများ မြောက်ကိုရီးယား ဖောက်ချ

တောင်မြောက်ကိုရီးယား နယ်စပ်အနီးရှိ ဆည်တစ်ခုမှ ရေများကို ကြိုတင်အကြောင်းမကြားဘဲ တောင်ကိုရီးယားဘက်သို့ မြောက်ကိုရီးယားက ဖောက်ချခဲ့ကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုများ ရှိခဲ့သောကြောင့် ယခုကဲ့သို့ မြောက်ကိုရီးယားဘက်မှ ရေများရောက်လာသည့်အတွက် ရေကြီးရေလွှမ်းမိုးမည်ကို တောင်ကိုရီးယား ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။

13620137_1180974491922808_3380151020454646177_n

ရေဂိတ်ဖွင့်လိုက်ခြင်းကို တောင်ကိုရီးယားဘက်မှ အရာရှိများအား မြောက်ကိုရီးယားဘက်က ကြိုတင် သတိပေးခြင်း မရှိခဲ့ပေ။

ရေကြီးရေလျှံအောင် လုပ်ဆောင်ပြီး တိုက်ခိုက်ခြင်းဟု မယူဆကြောင်း တောင်ကိုရီးယား အစိုးရက ပြောကြားထားပြီး ဟွမ်ဂန်းရေလှောင်တမံ၏ ရေမျက်နှာပြင်ကို အနီးကပ် စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား အစိုးရအရာရှိများက ဆိုသည်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သော ရေလှောင်တမံ ဖောက်ချမှုကြောင့် ဒဏ်ရာရ ထိခိုက်မှု မရှိကြောင်း ထုတ်ပြန်ထားသော်လည်း တောင်ကိုရီးယား အာဏာပိုင်များက အင်ဂျင်းမြစ်ကမ်း တစ်လျှောက်တွင် နေထိုင်သော ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်နေလျက်ရှိရာ ဒေသခံများသည် မြေပြိုမှုများ၊ ရေလွှမ်းမိုးမှုများ ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။

၂၀၀၉ ခုနှစ်ကလည်း မြောက်ကိုရီးယားဘက်မှ အကြောင်းမကြားဘဲ ဆည်ဖောက်ချမှုကြောင့် တောင်ကိုရီးယားဘက်မှ လူခြောက်ဦး သေဆုံးသွားခဲ့ရဖူးသည်။

ယင်းမတော်တဆမှု ဖြစ်ပြီးနောက် နောက်နောင် ဆည်ရေဖောက်ချလျှင် ကြိုတင်အသိပေးရန် မြောက်ကိုရီးယားဘက်က သဘောတူထားသည်။

ပြီးခဲ့သည့် မေလကလည်း ရေဂိတ်ကို နှစ်ကြိမ်ဖွင့်ချခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြထားသည်။

မြောက်ကိုရီးယားဆည်သည် နယ်စပ်နှင့် ၄၂ ကီလိုမီတာ ဝေးသော နေရာတွင် ရှိပြီး ရေတန်ချိန် သန်းပေါင်း ၃၀၀ မှ ၄၀၀ အတွင်း ရှိသည့် ရေလှောင်တမံတစ်ခု ဖြစ်သည်။

The Voice


Leave a Reply