နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသော အထွေထွေ အကျပ် အတည်းများအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီများ ဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီများမှ နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသော အထွေထွေအကျပ်အတည်းများအပေါ် ကိုင်တွယ် ဖြေရှင်းမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်ရုံးချုပ်တွင် နိုဝင်ဘာ (၂၈) ရက် နံနက် ၁ဝ နာရီက ဆွေးနွေးခဲ့ကြသည်။

15267853_687047608131420_3588046860256517957_n

အဆိုပါဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ကြသည်။

ထို့ပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက် ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးကျော်သူအောင်၊ ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်း အောင်ကျော်၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောသန်းမြ၊ မြန်မာ အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ် စသည့်တို့အပြင် ဆက်သွယ်ရေးနည်းပညာဖြင့် ဝံသာနုဒီမို ကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာ၊ ပြည်သူ့ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဦးအောင်မြင့်နှင့် အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ကလည်း ထုတ်ပြန်ချက်ထုတ်ပြန်ရာတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

”နိုင်ငံတော်မှာ လက်ရှိကျရောက်နေတဲ့ အထွေအထွေအကျပ်အတည်းတွေက အင်မတန်စိုးရိမ် စရာကောင်းတဲ့ အခြေအနေဖြစ်နေပြီ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၁ မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။ နောက်ပြီး ဒီကောင်စီရဲ့ လုပ်ပိုင်ခွင့် တွေကို ပထမအကြိမ်လွှတ်တော် အစိုးရသက်တမ်းကာလမှာ လက်တွေ့ ကျင့်သုံးခဲ့ပြီးသားပဲ။ ဒါပေမဲ့ ခုရင်ဆိုင်နေရတဲ့ နိုင်ငံလုံခြုံရေး၊ စီးပွားရေး အပါ အထွေထွေအကျပ်အတည်းတွေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်အန္တရာယ်တွေကို ထိထိရောက်ရောက် မှန်မှန်ကန်ကန်နဲ့ ဟန့်တားနိုင်ဖို့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်း အဝေးကို အမြန်ဆုံးခေါ်ယူပေးဖို့လိုအပ်တဲ့အတွက် ခုလိုပါတီတွေတွေ့ဆုံဆွေး နွေးခြင်းဖြစ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြား သည်။

ထို့နောက် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဦးဝဏ္ဏမောင်လွင် တို့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးအစည်းအဝေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို အကျဉ်းချုပ်ပြောကြားပြီးနောက် နိုင်ငံရေးပါတီ များမှ တက်ရောက်လာသူများက အကြံပြုဆွေးနွေးပြောကြားကာ နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသော အထွေထွေအကျပ်အတည်းများအပေါ် ကိုင်တွယ်ဖြေရှင်းမှုနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီ ၁၃ ပါတီ၏ ပူးတွဲ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းဝေးကို ပထမအကြိမ် လွှတ်တော်နှင့်အစိုးရသက်တမ်း ကာလအတွင်းတွင် နှစ်ပတ်လျှင်တစ်ကြိမ် ပုံမှန်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)ကို ဖွဲ့စည်းပုံအရ သမ္မတကခေါ်ယူလျှင် (ကာ/လုံ) စစ်စစ်ခေါ်ယူရန် လိုအပ်ကြောင်းလည်း အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် က ထောက်ပြ ပြောကြားသည်။

နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသောအထွေထွေ အကျပ်အတည်း များအပေါ် ကိုင်တွယ်ဖြေရှင်းမှုနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲကို မွန်းလွဲ ၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Uniondaily


Leave a Reply