ရခိုင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရပါက ရခိုင်တစ်မျိုးသားလုံး၏ ဆုံးဖြတ်ချက်ဖြင့် ရှေ့ဆက်သွားမည်

ရခိုင်ပြည်နယ်အတွင်း ကျင်းပခွင့်မရသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့် ရရှိရေးအတွက် အကြို လူထုဆွေးနွေးပွဲများ ပြုလုပ်နေပြီး ကျင်းပခွင့်မရပါက ရခိုင်တစ်မျိုးသားလုံး၏ ဆုံးဖြတ်ချက်များကိုရယူပြီး ရှေ့ဆက်သွားရန်သာရှိကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ရခိုင်အမျိုးသားပါတီ (ANP) အပါအဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်ပြည်နယ်မှ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ ပြောကြားသည်။

“ပြဿနာတစ်ခုခုဖြစ်ရင် အပြေအလည် ဖြေရှင်းရမယ်လို့ NCA မှာ ပြောထားတာ ရှိတယ်။ အခု ကျွန်မတို့က ပြဿနာ ဖြစ်နေတာ မဟုတ်ဘူး။ ကျွန်မတို့ လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးတစ်ခု ကို ပြောနေတာဖြစ်တယ်။ NCA ရဲ့မူအရဆိုရင် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိတယ်။ ဒါကြောင့် နိုင်ငံတော်က ခွင့်ပြုလာလိမ့်မယ်လို့ ကျွန်မ မျှော်လင့်တယ်။ တကယ်လို့ ခွင့်မပြုရင်တော့ ရခိုင်တစ်မျိုးသားလုံးရဲ့ ဆုံးဖြတ်ချက်ကို ရယူပြီးတော့ အဆုံး အဖြတ် ပေးသွားမယ်” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မပြုကြောင်း ဆုံးဖြတ်ခဲ့ကာ ရက်ပိုင်းအတွင်း ချင်းပြည်နယ်အား ပြန်လည်ခွင့်ပြုပေးခဲ့သော်လည်း ရခိုင်ပြည်နယ်ကို ယခုအချိန်အထိ ခွင့်ပြုခြင်းမရှိသေးပေ။

ယင်းသို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရရှိသည့်အတွက် ရခိုင်ပြည်နယ်အနေဖြင့် ကော်မတီ တစ်ရပ်ဖွဲ့စည်းကာ အကြိုလူထုဆွေးနွေးများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် ပြုလုပ် သည့် ရခိုင်အကြိုလုထုဆွေးနွေးပွဲကို တက်ရောက်လာသည့် ရခိုင်လူမှုအဖွဲ့စည်းမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါ ရခိုင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကြိုလူထုဆွေးနွေးပွဲကို ရခိုင် ပြည်နယ် စစ်တွေမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ရန်ကုန်မြို့နှင့် မောင်တောမြို့ တို့တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က တစ်ပြိုင်တည်း ပြုလုပ်နေပြီး သံတွဲမြို့နှင့် ကျောက်ဖြူမြို့တို့၌လည်း ပြုလုပ် သွားရန် အစီအစဉ်ရှိကြောင်း ကော်မတီထံမှ သိရသည်။

#The Voice