ရွေးကောက်ခံ လွှတ်တော်အမတ်အားလုံးကို ထိုင်းရွေးကောက်ပွဲကော်မရှင် အတည်ပြု

ပြီးခဲ့သည့်လက ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက် ထိုင်းရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ခံ လွှတ်တော်အမတ်သစ် ၅၀၀ လုံးကို ဇွန် ၁၉ ရက်က အတည်ပြုပေးခဲ့သည်။
ရွေးကောက်ခံအမတ် ၅၀၀ အနက် မဲဆန္ဒနယ်များမှ ရွေးကောက်ခံရသည့် အမတ်ဦးရေ ၄၀၀ ပါဝင်ပြီး ကျန်အမတ် ၁၀၀ ကိုမူ နိုင်ငံတစ်ဝန်း မှတ်ပုံတင်ထားသည့် ပါတီစာရင်းအရ ပါတီအလိုက်ရရှိသည့် စုစုပေါင်း မဲအရေအတွက်ကို အခြေခံ၍ သက် ဆိုင်ရာပါတီများက ပြင်ဆင်ပေးထားသည့်စာရင်းမှ ကိုယ်စားလှယ်လောင်းများကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ် သည်။
ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ တိုင်ကြားချက်များကို စုံစမ်းစစ်ဆေးမှုများ အပြီးသတ်မလုပ်ဆောင်မီတွင် ရွေးကောက်ခံ အမတ်များကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် အထွေထွေ အတွင်းရေးမှူး ဆာဝါအန်ဘွန်မီးက ပြောကြားခဲ့သည်။
တိုင်ကြားချက်များနှင့် ပတ်သက်၍ အားလုံးကို ခုခံချေပခွင့်ပေးရန် ဆန္ဒရှိသည်ဟုလည်း ၎င်းက ဆိုသည်။
“ရွေးကောက်ပွဲရလဒ်များကို ကြေညာပြီးနောက် တစ်နှစ်အတွင်း စုံစမ်းစစ်ဆေးမှုများကို အပြီးသတ် လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ဇွန် ၁၉ ရက်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
မဲရလဒ်များကို အတည်ပြုပြီးဖြစ်သော်လည်း ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် ခွင့်ရှိကြောင်း ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။ အတည်ပြုထားသည့် လွှတ်တော်အမတ်တစ်ဦးတစ်ယောက်သည် ရွေးကောက်ပွဲတွင် မ သမာမှု ကျူးလွန်ထားသည့် ခိုင်လုံသော သက်သေအထောက်အထား တွေ့ရှိမည်ဆိုပါက ၎င်း၏ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများ ကို ပြန်လည်ရုပ်သိမ်းရန် နိုင်ငံတော်တရားရုံးချုပ်ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မေ ၁၄ ရက်တွင် ကျင်းပခဲ့သည့် ထိုင်းအထွေထွေ ရွေးကောက်ပွဲတွင် Move Forward(ရှေ့သို့ချီ) ပါတီက မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။
ဝန်ကြီးချုပ်လောင်း ပီတာလင်ဂျာရွတ်ရတ်၏ ဦးဆောင်မှုအောက်တွင် Move Forward ပါတီသည် လွှတ်တော်အမတ်နေရာ ၁၅၁ နေရာ ရရှိခဲ့ပြီး အခြားမဟာမိတ်ပါတီ ခုနစ်ပါတီနှင့်အတူ ညွန့်ပေါင်းဖွဲ့ထားသည်။
လက်ရှိညွန့်ပေါင်းအဖွဲ့တွင် ရှစ်ပါတီပါဝင်မည်ဖြစ်ပြီး Move Forward ၊ ဖြူထိုင်း၊ ပရာချာချက်၊ ထိုင်းလစ်ဘရယ်ပါတီ၊ ထိုင်းဆန်ထိုင်း၊ Fair ပါတီ၊ Plung Sungkom Mai နှင့် Pue Thai Rumphlang ပါတီတို့ ပါဝင်မည်ဖြစ်သည်။ ၎င်းပါတီရှစ်ပါတီသည် အမတ်နေရာ ၅၀၀ ရှိ အောက်လွှတ်တော်တွင် အမတ်နေရာစုစုပေါင်း ၃၁၃ နေရာ ရရှိထားသည်။
သို့ရာတွင် ပီတာအနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာရန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်း အမတ်နေရာ ၇၅၀ ရှိသည့် အမျိုးသားလွှတ်တော်တွင် အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲ ရရှိရန်လိုအပ်မည် ဖြစ်သည်။
လက်ရှိတွင် အထက်လွှတ်တော်အမတ်အချို့က ဝန်ကြီးချုပ်ရာထူးအတွက် ပီတာကို ထောက်ခံခြင်းပြုမပြု ဆုံးဖြတ်ရခြင်းမရှိသေး သလို အချို့ကလည်း ပီတာကိုထောက်ခံမည် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားပြီးဖြစ်သည်။
လက်ရှိတွင် ပီတာသည် မီဒီယာကုမ္ပဏီတစ်ခုဖြစ်သည့် ITV တွင် အစုရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ထားသည်ဟူသော ဥပဒေ ကြောင်းဆိုင်ရာ အငြင်းပွားမှုနှင့် ရင်ဆိုင်နေရပြီး ၎င်းကမူ အမွေရရှိသည့် မိသားစုရန်ပုံငွေကို ကိုယ်စားစီမံခန့်ခွဲပေးနေခြင်း ဖြစ်သည်ဟု အခိုင်အမာပြောဆိုထားသည်။ -Ref: CNA