အနည်းဆုံး ၁၃၁ ဦး သေဆုံးခဲ့သည့် Kanjuruhan ကွင်းကို ဖြိုချပြီး ပြန်တည်ဆောက်မည်ဟု အင်ဒိုနီးရှားသမ္မတ ကြေညာ

အောက်တိုဘာလ ၁ ရက်က ယှဉ်ပြိုင်ကစားသည့် အင်ဒိုနီးရှားဘောလုံးလိဂ်တွင်ပွဲအပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် လူပေါင်း အနည်းဆုံး ၁၃၁ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီဒဏ်ရာရရှိခဲ့သည့် Kanjuruhan ကွင်းကို ဖြိုချပြီး ပြန်လည်တည်ဆောက်သွားမည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အတည်ပြုကြေညာခဲ့သည်။

ဝီဒိုဒိုသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနိုနှင့် တွေ့ဆုံ ပြီးနောက် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး FIFA ၏ ဘေးကင်းလုံခြုံရေး စံသတ်မှတ် ချက်များနှင့်အညီ ပြန်လည်တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် အားကစားဆိုင်ရာ စီမံခန့်ခွဲမှုတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း   ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲမတိုင်မီ FIFA နှင့် ပူးတွဲလုပ်ဆောင်သွားရန်လည်း သဘောတူညီမှုရရှိခဲ့သည်။ “အင်ဒိုနီးရှားက ဘောလုံးတိုင်း ပြည်တစ်ခုပါ။ လူပေါင်းသန်း ၁၀၀ ကျော်ရှိပြီး ဘောလုံးကိုချစ်မြတ်နိုးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ သူတို့ ဘောလုံးတစ်ပွဲကို ကြည့်ချိန်မှာ ဘေးကင်းလုံခြုံဖို့အတွက် ကျွန်တော်တို့ အကြွေးတင်နေပါတယ်” ဟု FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားခဲ့သည်။

ယင်းဘောလုံးကွင်းဖြစ်ရပ်ဆိုးတွင် ရဲတပ်ဖွဲ့အရာရှိများနှင့် တာဝန်ရှိသူများအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးကို လူများစွာသေဆုံးမှုကြောင့် ရာဇဝတ်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။