မြိတ်မြို့နယ်ပါတီဥက္ကဋ္ဌ ကျေးရွာခွဲ အမာခံပါတီဝင်များနှင့်တွေ့ဆုံမှာကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် သည် အောက်တိုဘာ (၂၂) ရက် နေ့လည်ပိုင်းက မြို့နယ်ပါတီအတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ လိုက်ပါလျက် အင်္ဂမော် ကျေးရွာအုပ်စုရှိ ကျေးရွာစည်းရုံးမှူးနှင့် ကျေးရွာခွဲပါတီဝင်အား ကွင်းဆင်းသွားရောက် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာသို့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများမှ အမာခံပါတီဝင်အင်အား (၇၀) ဦးခန့် တက်ရောက် ကြပြီး ပါတီဥက္ကဌ ဦးမိုးမြင့် က အမှာစကားပြောကြားခဲ့ရာ ကျေးရွာအုပ်စုတွင်းရှိ ပါတီဝင်များအနေဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများအား ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်ကြရန်၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ဒေသခံ များနှင့် စိတ်တူကိုယ်တူ လက်တွဲပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ရပ်/ကျေးပါတီ ခေါင်းဆောင်များ အနေဖြင့် ပါတီမှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တာဝန်များခွဲဝေပေးအပ် ဆောင်ရွက်ခြင်း၊ စနစ်တကျစီမံခန့်ခွဲရေးမူကို စည်းကမ်းရှိရှိ လိုက်နာဆောင်ရွက်ခြင်းတို့ကို အစဉ်အလာမပျက် ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း ဖြင့် မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာပါတီ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များက ပါတီရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ မိမိတို့သိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်ပါတီဥက္ကဌက ပြန်လည်ဖြေကြား ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ကျော်လင်း