SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ဇွန် ၂၅ ရက် စတင်ကျင်းပမည်

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို ဇွန် ၂၅ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ကို ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်ဝင်ရောက်ဖို့ရည်ရွယ်ပြီး SKYNET ရုပ်သံလိုင်းက မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ကာ SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲကြီးကို စီစဉ်ကျင်းပတာလို့ ဆိုပါတယ်။ အခုပြိုင်ပွဲကို နှစ်စဉ်ကျင်းပနိုင်ဖို့အတွက် စီစဉ်ထားပြီး ပြိုင်ပွဲ ကျင်းပမယ့် အစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက အရှေ့မြင်းပြိုင်ကွင်းလမ်းရှိရွှေထွဋ်တင်မှာကျင်းပခဲ့တာပါ။ SKYNET ရွှေအောင်လံမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာ စုစုပေါင်း ဝိတ်တန်း (၄) ခုနဲ့ စိန်ခေါ်ပွဲ (၂) ပွဲ အပါအ၀င် ပွဲစဉ် ပေါင်း (၂၆) ပွဲ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။

၆၀ ကီလိုတန်း ကွာတားဖိုင်နယ်ထိုးသတ်မယ့်တွဲဆိုင်းတွေကတော့ စောမူထော်ဂေးနဲ့ စောအယ်ဖူး၊ ဟိန်းထွန်း အောင်နဲ့သန့်ဇင်၊ စောဘဟိန်းနဲ့ ချစ်ဝိုင်းဝိုင်း၊ မင်းကျော်ဇနဲ့လင်းထက်အောင်၊ ၆၃ ဒဿမ ၅ ကီလိုတန်း ထိုးသတ်မယ့် တွဲဆိုင်းတွေကတော့ နက္ခမင်းနဲ့ကိုကိုအောင်၊ ကျားသွေးနဲ့ ဇွဲရာမာန်၊  စောဒါဝိတ်နဲ့အဲမွီ၊ ဆလိုင်းချမ်းမြေ့ကိုနဲ့ သက်ဝင်းအောင် တို့ဖြစ်ပါတယ်။ ၆၇ကီလိုတန်းထိုးသတ်မယ့်တွဲဆိုင်းတွေကတော့ စောရေထူးနဲ့ စောမင်းမင်း၊ ဟံသာဝတီနဲ့ ကိုနိုင်း၊ မာန်မင်းအောင်နဲ့ မင်းထူးထူး၊ ကမ္ဘာကျော်နဲ့ ကမ္ဘာရှား တို့ဖြစ်ပြီး ၇၀-၇၁ ကီလိုတန်းဆီမီးဖိုင်နယ်တွဲဆိုင်းတွေကတော့ ဖိုးလပြည်နဲ့ မင်းထက်အောင်၊ စောမင်းအောင်နဲ့ ကြယ်ကြီး တို့ဖြစ်ပါတယ်။

အခုနှစ်ပြိုင်ပွဲမှာ SKYNET ရွှေအောင်လံဆုအတွက် ဝိတ်တန်း ၄ ခုပါဝင်ပြီး ၆၀ ကီလိုတန်း ( ၃ မိနစ် ၅ ချီ) ၊  ၆၃ ဒဿမ ၅ ကီလိုတန်း ( ၃ မိနစ် ၅ ချီ)၊  ၆၇ ကီလိုတန်း ( ၃ မိနစ် ၅ ချီ)နဲ့  ၇၀-၇၁ ကီလိုတန်း (၃ မိနစ် ၅ ချီ) တို့ဖြစ်ပါတယ်။ ဗိုလ်လုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားမယ့်နေ့မှာတော့ (၃) မိနစ် (၄) ချီ စိန်ခေါ်ပွဲစဉ် (၂) ပွဲလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဇွန် ၂၅ ရက် နေ့လယ် ၂နာရီမှာ ကွာတား ဖိုင်နယ် (၆) ပွဲ နဲ့ ၇၀-၇၁ ကီလိုတန်း (ဆီမီးဖိုင်နယ်- ၁ ပွဲ)ကို စတင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဇွန် ၂၆ ရက်မှာ ကွာတားဖိုင်နယ် (၆) ပွဲနဲ့ ၇၀-၇၁ ကီလိုတန်း ဆီမီးဖိုင်နယ် (၁) ပွဲကိုယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဇူလိုင် ၃ ရက်မှာတော့ ၆၀ ၊ ၆၃ ဒဿမ ၅၊ ၆၇ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ် တွေကို ထိုးသတ်သွားမှာပါ။ ဗိုလ်လုပွဲစဉ်ကိုတော့ ဇူလိုင် ၁၀ ရက်မှာ ကျင်းပ သွားမှာဖြစ်ပြီး စိန်ခေါ်ပွဲ နှစ်ပွဲအပါအဝင် ဗိုလ်လုပွဲစဉ်တွေအဖြစ်  ၆၀ ၊ ၆၃ ဒဿမ ၅ ၊ ၆၇ ၊ ၇၀-၇၁ ကီလိုတန်း ဗိုလ်လုပွဲ (၄)ပွဲ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ ပွဲစဉ်အားလုံးကို “SKYNET SPORTS-4”, “SKYNET SPORTS-HD” တို့ကနေ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ source: skynet