မောင်တောဒေသကွင်းဆင်းကူညီရန် စေတနာ့ဝန်ထမ်း လူငယ်၄၀ဦးကို ယခုလအတွင်းစေလွှတ်မည်

 

မောင်တောဒေသကျေးရွာများသို့ ကွင်းဆင်း၍ လုပ်အားပေးရန် စေတနာ့ဝန်ထမ်းလူငယ် ၄၀ ဦးပါဝင်သည့် အဖွဲ့ကို ယခုလအတွင်း ရခိုင်ပြည်နယ်သို့ ပထမဆုံးစေလွှတ်မည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်ဦးအောင်ကျော်မိုးကပြောသည်။ မောင်တောဒေသသို့ စေတ နာ့ဝန်ထမ်းလူငယ်များ စေလွှတ်ရန် လူငယ်ပထမအဖွဲ့ကိုရန်ကုန် မြို့၌ နိုဝင်ဘာ ၆ ရက်၊ ၇ ရက် တွင် သင်တန်းပို့ချကာ နိုဝင်ဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်စစ်တွေသို့ သွားရောက်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုဝင်ဘာ ၁၃ ရက်မှ ၂၁ ရက်အထိ မောင်တောဒေသရှိ ကျေးရွာများသို့ ကွင်းဆင်း၍ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ် သည်။

‘‘ပထမအသုတ်မှာ အခုသင်တန်းမှာတော့ ၈၀ လောက်ပေါ့။ အဲဒီအထဲကမှ လေးဆယ်လောက် လွှတ်မှာပေါ့။ သင်တန်းကတော့ လူငယ်တွေအပြင် တခြားဒီလုပ်ငန်းထဲမှာ ပါဝင်မယ့် သိသင့်သိ ထိုက်တဲ့သူတွေပါ ကျွန်တော်တို့က သင်တန်းပေးလိုက်တာ’’ ဟု ဦးအောင်ကျော်မိုးက ပြောသည်။ သင်တန်းတွင် စေတနာ့ဝန် ထမ်းလုပ်ဆောင်ရာ၌ စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ များပေးရာတွင် နိုင်ငံတကာကချမှတ်ထားသည့်မူများ၊ အချက်အလက်ဖြည့်သွင်းခြင်းဆိုင်ရာများ ပို့ချပေး ကြောင်း ၎င်း ကဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေး ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏လုပ်ငန်းများ အ ကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လူမျိုးပေါင်းစုံမှ စေတနာ့ဝန်ထမ်း လူငယ်များ ဖြင့် ဆောင်ရွက်ရန် စီ စဉ်ထားသည်။

UEHRD စေတနာ့ဝန်ထမ်း လူငယ်များ လုပ်အားပေးအစီအ စဉ်ဒုတိယအဖွဲ့ကိုယခုလ ၂၅ ရက်တွင် လည်းကောင်း၊ တတိယအဖွဲ့ကို ဒီဇင်ဘာတွင်လည်းကောင်း စေလွှတ်မည်ဖြစ်ရာ ပါဝင်လိုသော လူငယ်များ သည် UEHRD -Youth Volunteers Program facebook စာမျက်နှာ သို့ ဆက်သွယ်နိုင်သည်။ စေတ နာ့ဝန်ထမ်းလူငယ်များလုပ်အား ပေးအစီအစဉ်တွင် ပါဝင်လိုသူ များသည် အသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်း သတ်မှတ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂ ရက်မောင်တော ဒေသခရီးစဉ်တွင် စစ်တွေလေ ဆိပ်၌ အကူအညီ ပေးရေးလုပ်ငန်းများ ဆောင်ရွက်မည့် လူငယ် အဖွဲ့နှင့် တွေ့ဆုံခဲ့ရာ ထောက်ပံ့ ရေးပစ္စည်းများပေးအပ်ရာ၌ လို အပ်သည့်နေရာများသို့ အမှန်တကယ်ရောက်ရှိရန် လိုအပ်ကြောင်း၊ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ် ရာတွင် နားလည်မှုမလွဲစေလိုရန် လိုအပ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အတတ်နိုင်ဆုံးဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။