သူနာပြုလိုင်စင် စနစ်သစ်အပေါ် ရန်ကုန်သူနာပြု တက္ကသိုလ်မှ ကျောင်းသား ၇၀၀ ခန့် ဆန္ဒထုတ်ဖော်

ပြောင်းလဲလိုက်သည့် သူနာပြုလိုင်စင်ထုတ်ပေးသည့် စနစ်သစ်နှင့်ပတ်သက်ပြီး ရန်ကုန်သူနာပြု တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၇၀၀ ခန့် မတ်လ (၁၅) ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သူနာပြုတက္ကသိုလ်ကျောင်းဆင်းများကို ပြည်သူ့ဆေးရုံများတွင် ၆ လ တာဝန်ထမ်းဆောင်ပြီးပါက လိုင်စင် ထုတ်ပေးခဲ့ရာမှ ယခု ၃ နှစ်အထိ တိုးမြှင့်လိုက်ကာ အဆိုပါ ၃ နှစ်ထမ်းဆောင်ပြီးမှသာ လိုင်စင် ထုတ်ပေး သည့်စနစ်သစ်အပေါ် ကန့်ကွက်နေကြခြင်း ဖြစ်သည်။

သူနာပြုလိုင်စင်အား ၃ နှစ်အကြာမှသာ ရရှိမည့်အတွက် ကျောင်းဆင်းများမှာ လိုင်စင်မဲ့သူနာပြုများဖြစ် သွားကြောင်းနှင့် လိုင်စင်မဲ့အနေဖြင့် ပြည်သူများအား စောင့်ရှောက်ရန်လုံခြုံမှုမရှိဟု သူနာပြုတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ မအေးမိစံက ပြောသည်။

” သူနာပြုလိုင်စင်ဆိုတာ ရှိပါတယ်။ ကျောင်းပြီးတဲ့အချိန်မှာ ကျွန်မတို့ အလုပ်သင်ဝင်ရင် လိုင်စင်ကိုင် ဆောင်ပြီးမှသာလျှင် သူနာပြုအဖြစ် ရောက်ပါတယ်။ အခုဟာက ကျွန်မတို့ဟာ လိုင်စင်မဲ့သူနာပြုတွေကနေ စောင့်ရှောင့်မှုပေးနေရတဲ့အတွက် လုံခြုံမှုမရှိတော့ပါဘူး ” ဟု သူနာပြုတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ မအေးမိစံ က ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်စာထုတ်ပြန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းနောက်ပိုင်း သူနာပြုတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် သူနာပြုရပ်ဝန်းက ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးကမ်ပိန်းများ၊ လူမှု ကွန်ယက်ကမ်ပိန်းများ၊ ထုတ်ပြန်စာ ထုတ်ပြန်ခဲ့ခြင်းများပြုလုပ်ခဲ့ပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်စာ တစ်စောင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများ သို့ ပေးပို့ထားကြောင်းလည်း သိရသည်။

မတ် ၁၀ ရက်က သူနာပြုတက္ကသိုလ်ကျောင်းသားများ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်  ၅ ရက် အတွင်း အစိုးရမှ သူနာပြုကျောင်းသား၊ ကျောင်းသူတွေများ၏ တောင်းဆိုမှုအပေါ် ဖြေရှင်းဆောင်ရွက် ပေးခြင်းမရှိပါက ကန့်ကွက်မှုမျိုးပြုလုပ်မည်ဟု ပြောဆိုထားပြီး မတ်လ (၁၅) ရက်တွင် လမ်းမတော် သူနာပြု တက္ကသိုလ်ရှေ့မှ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

သူနာပြုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ဆန္ဒထုတ်ဖော်နေစဉ် ဆေးတက္ကသိုလ် (၂) ကျောင်းသားသမဂ္ဂ မှလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်စာသည် သူနာပြုတို့၏ အသက်မွေးလမ်းကြောင်းကို ထိခိုက် စေသည်ဟု ထောက်ခံသည့် ကြေညာချက်ကို ပေးပို့ခဲ့သည်။

ဆန္ဒဖော်ထုတ်ရာ၌ သူနာပြုများအနေဖြင့် ” ပြည်သူ့ဆေးရုံများတွင် လိုင်စင်မဲ့သူနာပြုများက ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည်ကို သင်သိပါသလား” ၊  မြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ် လုံခြုံမှုမရှိတော့ပါဘူး”၊ ” သူနာပြုရပ်ဝန်း ဖိနှိပ်မှုရပ် ”  စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။

# Mizzimz