ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ မိသားစုဝင်အချို့က အချက် ငါးချက် ပါ ကြေညာချက်ထုတ်ပြန်

 

၁၉၄၇ ပင်လုံစာချုပ် ချုပ်ဆိုစဉ်က ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်ကြီး ၂၂ ဦးအနက် ၂၁ ဦး၏ မိသားစုဝင်အချို့က နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့တွင် အချက်ငါးချက်ပါ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ကြောင်း သတင်းရရှိသည်။

အဆိုပါကြေညာချက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လျှောက်လှမ်းနေသည့် ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် မည်သည့်ဆောင်ရွက်ချက်မျိုးကိုမဆို ကြိုဆို ကြောင်းဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံတော်ကို လက်ရှိပထ၀ီဝင်အနေအထားအတိုင်း ဖြစ်ပေါ်စေခဲ့သော ပင်လုံစာချုပ်ကို သွေဖည် စေသောပြုမူ လုပ်ဆောင်ချက်အားလုံးကို လုံးဝဆန့်ကျင်ရှုတ်ချကြောင်းနှင့် တောင်တန်း-ပြည်မ စည်းလုံးစွာ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကိုခေတ်နှင့် လျော်ညီစွာ ပြန်လည်ချဉ်းကပ်ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံး၏  ငြိမ်းချမ်းရေးအား ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပါရှိသည်။

‘‘နှစ် ၇၀ လောက်နွံထဲပစ်ချ ခံထားရသူတွေကို နိုင်ငံတော်အ တိုင်ပင်ခံကိုယ်တိုင် တရေးတယူလုပ်ပြီး ဖိတ်ကြား လာတာ ၀မ်းသာတယ်။ အတိုင်ပင်ခံသွားနေ တဲ့ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံကို တိုင်းရင်းသားခေါင်း ဆောင်တွေရဲ့ မိသားစုဝင်တွေက ကြိုဆိုထောက်ခံတဲ့အနေနဲ့ ဒီ ထုတ်ပြန်ချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်’’ ဟု ပင်လုံစာချုပ် ချုပ်ဆိုစဉ် လက်မှတ်ရေးထိုးခဲ့သည့် သာမိုင်းခမ်းစော်ဘွား၏ မြေး ဦးစ၀်သာဦး ကပြောသည်။

ပင်လုံမြို့တွင် ကျင်းပခဲ့သည့် နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များ၏ မိသားစုဝင် ၂၁ ဦးကို တစ်မိသားစုလျှင် နှစ်ဦးနှုန်း ဖြင့်ဖိတ်ကြားခဲ့သည်။

ဖိတ်ကြားခံခဲ့ရသည့် မိသားစုဝင်များထဲမှ ကချင်၊ ချင်းလူထု ကိုယ်စားလှယ်နှင့် ရှမ်းစော်ဘွား မိသားစုဝင် ၂၀ ဦးက အဆိုပါ ထုတ်ပြန်ကြေညာချက်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်ကို ဒေါ်အောင်ဆန်း စုကြည်ထံသို့လည်း ပေးပို့မည်ဟု ဦးစ၀်သာဦးက ပြောသည်။