ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ကျေးလက်သောက်သုံးရေရရှိရေးနှင့် နွမ်းပါးကျောင်းသားများအား ထောက်ပံ့ ပေးအပ်မှု များပြုလုပ်

နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ပေးအပ်သော ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ (ပဉ္စမတန်း) ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်းသူ ၄ဝ တို့အား တစ်ဦးလျှင် တန်ဖိုးငွေကျပ် ၄ဝဝဝဝ ခန့်ရှိ စာရေးကိရိယာ၊ကျောင်း သုံးပစ္စည်းနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့ နံနက် ၇ နာရီမှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျောင်းသားကျောင်းသူများရှိရာသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ya-za-thin-ga-ha

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရာဇသင်္ဂဟဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်က ယခင်အစိုးရအဖွဲ့ နိုင်ငံတော် သမ္မတ(ငြိမ်း)နှင့် ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ စုစုပေါင်း ၁ဝ၈ ဦး၏ ချီးမြှင့် လစာငွေများ၏ ၂၅ရာခိုင်နှုန်းဖြင့် စုဆောင်းထားသောငွေများမှ ယခုကဲ့သို့ ဆင်းရဲနွမ်းပါးကျောင်းသား ကျောင်းသူ များအား လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ကျောင်းသားမိဘများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ဆင်းရဲနွမ်းပါးကျောင်းသားကျောင်းသူများအား ထောက်ပံ့ပေးအပ်ရာသို့ ရာဇသင်္ဂဟဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ နေပြည်တော်ခရိုင် ကော်မတီဝင်များ၊ မြို့နယ် ရှစ်မြို့နယ် မှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ လိုက်ပါခဲ့ကြကြောင်း သိရသည်။

ပေါ်ဦး(နေပြည်တော်)


Leave a Reply