ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) သတင်းစာ ရှင်းလင်းပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကို ယနေ့ (သြဂုတ် ၂၄) ရက် နေ့လည် (၁) နာရီခွဲအချိန်တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်း တို့တက်ရောက်ခဲ့ ကြသည်။

သတင်းစာရှင်းလင်းပွဲသို့ Hot News Jpurnal, MWD, ပြည်ထောင်စုနေ့စဉ် သတင်းစာ၊ ရှေ့ဆောင်၊ MRTV, MNA, Myanmar Review, မြ၀တီသတင်းစာ၊ လူထုပုံရိပ်၊ MRTV-4, ကုမုဒြာ၊ မြစ်မခ၊ အာစာဟိရှင်ဘွန်း၊ ကမာရွတ် မီဒီယာ၊ BBC, The Voice, Bullet, စံတော်ချိန်၊ MCN, NHK, ဧရာဝတီ၊ News Watch, Eleven, AP, Tomorrow, Democracytoday, DVB, Skynet, 7 Day News, Popular News, မြန်မာတိုင်းမ်၊ Correspontent သတင်း/ဂျာနယ်များမှ သတင်းထောက်များ (၄၆) ဦး တက်ရောက်ခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲ၌ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ယခင်ပါတီဥက္ကကြီး ဦးသိန်းစိန် မှ ပါတီအကြီးအကဲအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ပါတီအတွက် တက်ကြွစွာလုပ်ကိုင်နိုင်မည့် လူငယ်များအား နေရာပေး တာဝန်ယူခိုင်းခြင်းဖြစ်ကြောင်း၊ လိုအပ်ပါက ပါတီအကျိုးအတွက် လမ်းညွှန်မှု များပေးမည်ဖြစ်ကြောင်း၊ မြန်မာလူမျိုး တို့၏ယဉ်ကျေးမှု ဓလေ့ထုံးစံအတိုင်း အကြီးအကဲ အကြီအမှူးအဖြစ် ပါတီတွင်ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အသစ်ဖွဲ့စည်းလိုက်သည့် ဥက္ကဋ္ဌအပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ပါတီကို ပြည်သူ့ပါတီဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် အလုပ်လုပ်မည့် အင်အားစုဖြစ်ပါကြောင်း၊ မိမိတို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် နောင်လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သြဂုတ်လ (၃၁) ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ- ငြိမ်းချမ်းရေးညီလာခံတွင်လည်း မိမိတို့ပါတီ၏ သဘောထား ရပ်တည်ချက်ကို တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သတင်း/ဂျာနယ် များမှ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။


Leave a Reply