လူ့အခွင့်အရေးဘေးချိတ် ရာဇ၀တ်သားများကို ပစ်ခတ်ဖမ်းဆီးမိန့် ရုပ်သိမ်းမည် မဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေ ပြော

456378637863

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို ပစ်ခတ်ဖမ်းဆီးရန် ခွင့်ပြုထားခြင်းကို ၎င်း၏သမ္မတသက်တမ်း တလျှောက်ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း၊ လူ့အခွင့်အရေးကို ဂရုမစိုက်နိုင်ကြောင်း ဖိလစ်ပိုင် သမ္မတရိုဒရီဂို ဒူတာတေက ပြောသည်။ ဒုစရိုက်သမားများကို အပြင်းအထန်နှိမ်နင်းမည်ဟု ကတိသစ္စာပြုထားသော သမ္မတ ဒူတာတေ ရုံးစထိုင်သည့် မေလမှစ၍ ဖိလစ်ပိုင် ဒုစရိုက်နှိမ်နင်းရေး စီမံချက်တွင် လူ ၈၀၀ ခန့် သေဆုံးပြီး ဖြစ်ကြောင်း သိရသည်။

”ပစ်ခတ်ဖမ်းဆီးခွင့်အမိန့်ကို ကျွန်တော့်သမ္မတသက်တမ်းရဲ့ နောက်ဆုံးနေ့အထိ ဒီအတိုင်းပဲထားရှိသွားမယ်။ အဲဒီအချိန်အထိ ကျွန်တော် အသက်ရှင်လျက် ရှိသေးတယ်ဆိုရင်ပေါ့လေ။ လူ့အခွင့်အရေးကို ဂရုကိုမစိုက်တာ။ ယုံလားတော့ မသိဘူး”ဟု သမ္မတရုံးထုတ်ပြန်ချက်တွင် ၎င်းက ပြောဆိုထားသည်။ ဖိလစ်ပိုင်ပြည်သူများစွာ၏ ဘ၀ကို ပျက်စီးစေသည့် မူးယစ်ဆေးဝါးဖောက်ကားမှုတွင် ပါဝင်ပတ်သက်နေသော အစိုးရအရာရှိ ကြီးများသည် ၎င်း၏ ပစ်မှတ် စာရင်းတွင် ထိပ်ဆုံးမှပါဝင်သည်ဟု ဒူတာတေက ဆိုသည်။

ယင်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်အရ ပစ်ခတ်ဖမ်းဆီးရသည့်အခါ ဥပဒေမှ ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ကြောင်း အာမခံထားသည်။ သမ္မတဒူတာတေ၏ ပစ်ခတ်ဖမ်းဆီးခွင့်အမိန့်ကို မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးက ရှုတ်ချဝေဖန်ထားသည်။

”ကုလကို အစီရင်ခံတိုင်ကြားတဲ့ NGO တွေကို ပြောချင်တာ ဒီကိစ္စဟာ ခင်ဗျားတို့နဲ့ဘာမှမဆိုင်ဘူး။ ခင်ဗျားတို့ အလုပ်မဟုတ်ဘူး”ဟု ဒူတာတေက ပြောသည်။

အော်စကာ
Ref; AFP

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


Leave a Reply