မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများ အသင်းအား မှတ်ပုံတင်ခြင်းခွင့်မပြုရန်နှင့် အသင်းတည်ရှိမှု ဖျက်သိမ်းပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ရှေ့နေများတိုင်ကြား

ဇွန်လဆန်းအတွင်းကဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းဖွဲ့စည်းမှုနှင့်ပတ်သက်၍ ယင်း အသင်း၏ မှတ်ပုံတင်ခြင်းအားခွင့်မပြုရန်နှင့် အသင်းတည်ရှိနေမှုအား ဖျက်သိမ်းပေးရန် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရှေ့နေများက ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ကြောင်းသိရသည်။ ယင်းတိုင်ကြား စာကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေ့နေများက ပြည်ထဲရေးဝန်ကြီးဌာနသို့ လိပ်မူကာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ မြန်မာနိုင်ငံသားမွတ်စလင်ရှေ့နေများအသင်း ဖွဲ့စည်းမှုနှင့်ပတ်သက်၍ အကျိုးဆောင်ရှေ့နေတစ်ဦးကမူ ”အသင်းအဖွဲ့ ဖွဲ့တယ်ဆိုတာကတော့ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေအရ ဖွဲ့စည်းနိုင်တယ်ဆိုပေမယ့် အခုလို လူမျိုးရေးတစ်ခုနှင့်တစ်ခု ဘာသာတစ်ခုနှင့်တစ်ခုကြား စိတ်ဝမ်းကွဲစေမယ့် အသင်းအဖွဲ့မျိုးကတော့ မဖြစ်သင့် ဘူးလို့ ကျွန်တော်တော့ ပြောချင်တယ်” ဟု ဆိုသည်။

ယင်းတိုင်ကြားစာတွင်လည်း မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းအနေဖြင့် အသင်းဝင်ရှေ့နေများ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေး ကိစ္စရပ်များအား ဆောင်ရွက်ရန်မဟုတ်ဘဲ မြန်မာနိုင်ငံသို့ မွတ်စလင်ဘာသာ ၀င်များအတွက်သာ ရည်ရွယ်၍ ဘာသာစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲများဖြင့် တည်ထောင်ဖွဲ့စည်းပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအပြင် ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့်ပါ ညီညွတ်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့အသင်းဖွဲ့စည်းခြင်းသည် တိုင်းရင်းသားများကြား၊ ဘာသာဝင်များကြား၊ ပြည်သူများကြားတွင် မုန်းတီးမှုများဖြစ်ပေါ်လာနိုင်သည့်အတွက် အသင်းအား ဖျက်သိမ်းပေး ရန် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ-၃၆၄ တွင် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ၊ သာသနာကို အလွဲသုံးစားမပြုရ။ ထို့အပြင် လူမျိုးရေးကြောင့် သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက် နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်းနှင့် စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်ဟု ပြဋ္ဌာန်း ထားသည့်အလျောက် ယင်းအသင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်ရန်ရည်ရွယ်၍ ဖွဲ့စည်းသကဲ့သို့ ဖြစ်နေသည့်အတွက် ဖွဲ့စည်းခွင့်မပြုရန်နှင့် ဖွဲ့စည်းတည်ရှိသော အခြေအနေအား ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

”သူတို့လည်း သူတို့ဘာသာဖွဲ့တာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရှိတာပဲ ဓားပြတိုက်ဖို့ ဖွဲ့တာမဟုတ်ဘူး။ လူသတ်ဖို့ဖွဲ့တာ မဟုတ်ဘူး။ အဲဒီတော့ရှေ့နေက ကန့်ကွက်တယ်ဆိုတော့ ကျွန်တော်တော့ မပြောတတ်ဘူးလေ။ ဥပဒေကို သူတို့လည်းသိကြတာပဲ” ဟု အသင်းအား တိုင်ကြားမှုနှင့် ပတ်သက်၍ အသင်း နာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

ယင်းမြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၄ ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ နာယကအဖြစ်တာဝန်ယူပြီး ဥက္ကဋ္ဌအဖြစ် ဦးကျော်ငြိမ်း၊ ဒုဥက္ကဋ္ဌအဖြစ် ဦးတင်ထွန်းနှင့် အတွင်းရေးမှူး အဖြစ် ဦးခင်မောင်ချိုတို့က မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်ဘာသာဝင်များအနေဖြင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံး နေမှုများနှင့် ခွဲခြားဆက်ဆံခြင်း ခံရမှုများကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်ရွယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Tomorrow News Journal


Leave a Reply