CHDB ဘဏ်တွင် ကျပ်တစ်သိန်းထက် ငွေစုသူများကို တန်ဖိုးနည်းအိမ်ရာများ ဦးစားပေး ရောင်းမည် ဟုဆို

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် CHDB တွင် တစ်လလျှင် ငွေကျပ်တစ်သိန်းမှ နှစ်သိန်းကြား ပုံမှန်ငွေစုသူများကို တန်ဖိုးနည်းအိမ်ရာများ ဦးစားပေး ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက နှစ်နှစ်အတွင်း ကျပ်သိန်း ၁ဝဝ အောက် အခန်းပေါင်း ၈ဝဝဝ ကျော် ဆောက်လုပ်ရန်စီစဉ်နေပြီး ယင်းအိမ်ရာများဝယ်ယူရန် ကြိုတင်ငွေစုဆောင်းထားသည့် အိမ်ရာမရှိသူ များကို ဦးစားပေးရောင်းချမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“အိမ်ဝယ်ဖို့ သီးခြားလာစုထားချင်တယ်။ အဲဒီလိုစုထားတဲ့သူတွေကို ဝန်ကြီးက သူတို့လုပ်မယ့် အိမ်ရာ တွေမှာရောင်းချတဲ့အိမ်ရာတွေမှာ အခွင့်အရေးပေးဖို့လို့ ပြောထားပါတယ်။ တစ်လကို ငွေ ဘယ် လောက်စုရမယ် မသတ်မှတ်ထားပါဘူး။ အခုမှလာစုလဲရပါတယ်။ အဓိက ဥပမာ သိန်း ၉ဝ နဲ့ရောင်းချ မယ့်တိုက်ခန်းရဲ့ ၃ဝ ရာခိုင်နှုန်းပေးရမယ်ဆိုရင် သူမှာ အဲဒီစုထားတဲ့ ငွေပမာဏရရင် မဲနှိုက်တဲ့အခါမှာ အခွင့်အရေး ရနိုင်ပါတယ်” ဟု (CHDB)ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။

အိမ်ပိုင်မရှိသူ အစိုးရဝန်ထမ်းများနှင့် အများပြည်သူများ ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးများ ရရှိနိုင်ရန် ကျပ် သိန်း ၁ဝဝ အောက် တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်၊ မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များတွင် ၂ဝ၁၈ ခုနှစ်အတွင်း အပြီးတည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရှိရသည်။

“CHDB ဘဏ်က သူတို့ဘဏ်မှာ စုတဲ့သူကို ဦးစားပေးတဲ့ သဘောပါပဲ။ ဘဏ်တွေ အားလုံးက ဈေးကွက်မှာ အများဆုံးပြိုင်ဆိုင်တဲ့အခါမှာ သူ့ Customer ကို သူအခွင့်အရေးပေးတာတော့ မှန်ကန် တဲ့ယဉ်ပြိုင်မှုပါပဲ။ မြန်မာနိုင်ငံ ဘဏ်များအသင်းမှ အတွင်းရေးမှူး ဦးမိုးသက်ထူးက ဆိုသည်။

လက်ရှိတွင် CHDB ဘဏ်သည် အစိုးရက အကောင်အထည်ဖော် တည်ဆောက်နေသော အိမ်ရာစီမံ ကိန်းများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများကို ချေးငွေကျပ် ၁၃၂ ဘီလီယံခန့် ထုတ်ချေး ထားသည်။

The Voice Weekly


Leave a Reply