အော်စကာဆုရ ရုပ်ရှင်ကားမှာ ပါဝင်ခဲ့တဲ့အိန္ဒိယက ဆင်စခန်းကို ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားနေ

မနေ့က ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ “The Elephant Whisperers” ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားဟာ အကောင်းဆုံး မော်ကွန်း ရုပ်ရှင် ဇာတ်ကားတိုဆုကို ဆွတ်ခူးပြီး အိန္ဒိယရုပ်ရှင်လောကအတွက် သမိုင်းသစ်ရေးထိုးပေးခဲ့ပါတယ်။

ဒါကြောင့် အဲဒီရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ တမီးလ် နဒူး ပြည်နယ်က တဲလ်ပက်ကဒူ ဆိုတဲ့ ဆင်စခန်းကို ကမ္ဘာလှည့်ခရီးသည်တွေ အများအပြား သွားရောက်လည်ပတ်နေတယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ကားဟာ မာဒူမလိုင် ကျားဘေးမဲ့တောကနေ ဆင်ပေါက်စနှစ်ကောင်ကို မွေးစားလိုက်တဲ့ မိသားစုတစ်စုရဲ့ အကြောင်းကို ရိုက်ကူးထားပြီး တိရစ္ဆာန်နဲ့ လူသားကြားက ချစ်ခြင်းမေတ္တာကို ပြသထားတဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် အများစုကလည်း အဲရုပ်ရှင်မှာ ပါတဲ့ ရတ်ဟူ ဆိုတဲ့ ဆင်ပေါက်လေးကို တွေ့ရဖို့ လာခဲ့ကြတာပါ။

လာရောက်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကလည်း ဆင်တွေနဲ့ ပတ်သက်ပြီး ချီးမွမ်းခန်းတွေ ဖွင့်သွားတယ်လို့ သိရပါတယ်။ ဒီလိုမျိုး နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုကိုရတဲ့ တဲလ်ပက်ကဒူ ဆင်စခန်းဟာ နောင်တစ်ချိန်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့ အိန္ဒိယရဲ့ အထင်ကရ နေရာတစ်ခုဖြစ်လာနိုင်ပါတယ်။

 

Source: WION