ပါတီကော်မတီဝင်များစွမ်းရည်မြှင့်နည်းပြသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ တက်ရောက် ဖွင့်လှစ်

မတ် ၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သည့် ” ပါတီကော်မတီဝင်များ စွမ်းရည်မြှင့်နည်းပြသင်တန်း အမှတ်စဉ်(၁) ” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ (၆) ရက်နေ့ နံနက် (၉)နာရီအချိန်မှ (၁၀:၃၀)နာရီ အချိန်ထိ ပါတီဌာနချုပ်၊ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ပြောကြားရာတွင် ” ပါတီမှ အချိန်ကာလသတ်မှတ်ပြီး ဆောင်ရွက်နေသည့် ဒုတိယရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များ၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်အမှန်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီ၏လုပ်ငန်းဆောင်တာများအပြင်  နည်းပြသင်တန်းဖြစ်သည်နှင့်အညီ  တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများမှာ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ပို့ချနိုင်ရေးအတွက် သေချာစွာလေ့လာ သင်ယူ မှတ်သားကြရန် ” ထည့်သွင်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်(၅)ဖြစ်သည့် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး နှင့် ပြည်ထောင်စုနယ်မြေ တို့မှ သင်တန်းသား၊ သင်တန်းသူ (၁၀၇)ဦးတို့ တက်ရောက်ခဲ့ပါသည်။