ထိုင်းနိုင်ငံ၌ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့မြန်မာနိုင်ငံသား ၁၃၈ ဦးအား မြန်မာသို့လွှဲပြောင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ထိန်းသိမ်းရေးစင်တာ၌ ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၃၈ ဦးအား မတ် ၂ ရက် နံနက် ၈ နာရီခွဲတွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏သတင်းထုတ်ပြန်ချက်အရသိရသည်။

ပြန်လည်လွှဲပြောင်းလက်ခံခြင်းကို မြန်မာ-ထိုင်းအမှတ် (၂)ချစ်ကြည် ရေးတံတား၊ ထိုင်းနိုင်ငံဘက်ခြမ်းရှိ BCF ဇုန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွတ်ရက်စေ့မြန်မာနိုင်ငံသားများထဲမှ အမျိုးသား ၁၂၄ ဦး၊ အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၁၃၈ ဦး ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

ထိုသို့လွှဲပြောင်းရာတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ ဘန်ကောက်မှသံမှူးကြီး ဦးမော်ဗလ၊ အလုပ်သမားသံအရာရှိ (မဲဆောက်) ဦးလှမျိုးသန်း၊ မဲဆောက်မြို့ Immigration Division မှ Superintendent ဖြစ်သူ Col. Borwornphop Soontornlekha ဦးဆောင်သောအဖွဲ့က မြန်မာနိုင်ငံမှလာရောက်ကြိုဆိုသည့် မြဝတီခရိုင်၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ရွှေ၊ မြဝတီမြို့လဝကရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေမျိုးသက် ဦးဆောင်သောအဖွဲ့ထံသို့ လွှဲပြောင်းခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင်လည်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၆၇၉ ဦးအား မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းခဲ့ သေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကထုတ်ပြန်ထားသည်။