ကလေးငယ် ၉၉ ဦး သေဆုံးခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးအားလုံးနဲ့ ဆေးရည်ရောင်းချမှု ဆိုင်းငံ့

ယခုနှစ်တွင် ကလေး ၉၉ ဦးသေဆုံးမှုနှင့် ပြင်းထန်ကျောက်ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းတို့ကို စုံစမ်းစစ်ဆေးနေချိန် အင်ဒိုနီးရှားနိုင်ငံတွင် ရောင်းချနေသော ဆေးရည်အချို့တွင် ကလေးများ၌ သေစေနိုင်သော ပြင်းထန်ကျောက်ကပ်နာ (AKI) နှင့် ဆက်စပ်နေသည့် ဓာတ်ပစ္စည်းများပါဝင်နေသည်ဟု အောက်တိုဘာ ၂၀ ရက်တွင် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှားသည် ဆေးရည်အခြေပြု ဆေးဝါးအားလုံးရောင်းချမှုကို ယာယီအားဖြင့်ပိတ်ပင်လိုက်ပြီး diethylene glycol နှင့် ethylene glycol တို့ပါဝင်၍ကလေးများ ဖျားနာရာတွင် ပြည်တွင်း၌ အသုံးပြုသော ပါရာစီတမောဆေးရည်များကို အနီးကပ်ကြည့်ရှုစစ်ဆေးလျက်ရှိသည်။

ဂမ်ဘီယာနိုင်ငံတွင် ကလေး ၇၀ သေဆုံးခဲ့ပြီးနောက် ပါရာစီတမောဆေးရည်နှင့် ဆက်စပ်နေသည့် ကလေးသေဆုံးမှုများကိုလည်း ယင်းအစိုးရက စုံစမ်းစစ်ဆေးလျက်ရှိသည်။ အဆိုပါဆေးရည်များကို နယူးဒေလီ အခြေစိုက် Maiden ဆေးဝါးလုပ်ငန်းက ထုတ်လုပ်ခြင်းဖြစ်သည်။ ယင်းဆေးဝါးလုပ်ငန်းကို အိန္ဒိယအာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။ အဆိုပါ ဆေးဝါးပစ္စည်းများသည် ဒေသတွင်းတွင်မရနိုင်ဟု အင်ဒိုနီးရှားအစားအစာနှင့် ဆေးဝါးဌာနက ပြောကြားသည်။

diethylene glycol နှင့် ethylene glycol တို့ကို လူနာအချို့၏ အိမ်များတွင် တွေ့ရသောထုတ်ကုန်များတွင် တွေ့ရသည်ဟု အောက်တိုဘာ ၂၀ ရက်တွင် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ပြောကြားခဲ့ပြီး ပမာဏမည်မျှတွေ့ခဲ့သလဲဆိုသည်ကို အသေးစိတ်ပြောကြားခြင်း မရှိပေ။

“ပြင်းထန်ကျောက်ကပ်ရောဂါဖြစ်နေ တဲ့ အသက်ငါးနှစ်အောက်ကလေးတွေ အသုံး ပြုတဲ့ ဆေးရည်အချို့မှာ မသုံးရဘူးလို့ဆို တဲ့ diethylene glycol နှင့် ethylene glycol တို့ပါဝင်နေပါတယ်။ ဒါမှမဟုတ် နည်းနည်းလောက်ပါနေတာတွေ့ရပါတယ်”ဟု ၎င်းင်းက ပြောကြားသည်။ အောက်တိုဘာ ၂၀ ရက်အထိ အင်ဒိုနီး ရှားနိုင်ငံတွင် AKI ရောဂါဖြစ်ပွားနေသော ကလေး ၂၀၆ ဦးကို တွေ့ရှိထားသည်။ ၂၀၂၂ ခုနှစ်တွင် အဆိုပါ ရောဂါဖြင့် ကလေး ၉၉ ဦး သေဆုံးထားသည်။ အမှန်တကယ် ဖြစ်ပွားနေသူအရေအတွက်သည် ထုတ်ပြန်ထားသည်ထက် ပိုများနိုင်သည်ဟု ကျန်းမာရေးဝန်ကြီး ဘူဒီက ပြောကြားသည်။

ပြင်းထန်ကျောက်ကပ်နာ ဖြစ်ပွားနေသောကလေး အရေအတွက် မည်မျှတွင် diethylene glycol နှင့် ethylene glycol တို့ကို တွေ့ရပါသလဲဟူသောမေးခွန်းကို ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ ယခုကိစ္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောကြားသည်။

အိန္ဒိယအာဏာပိုင်များက Maiden ဆေးဝါးလုပ်ငန်း၏ စက်ရုံတွင် ဆေးဝါးထုတ်လုပ်မှု အားလုံးကို ချက်ချင်းရပ်ဆိုင်းရန် မကြာမီက ညွှန်ကြားခဲ့သည်။ ကလေးအဖျားပျောက်ဆေးရည်တွင် ပါဝင်နေသောပစ္စည်းများကို ဓာတ်ခွဲနေသည်ဟု ဂမ်ဘီယာကလည်း ထုတ်ပြန်ထားသည်။ -Ref:Reuters