တတိယမြောက် ဂရင်းစလမ်ချန်ပီယံဆုကို အိုဆာကာ ရယူ

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ကျင်းပနေတဲ့ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကို ဂျပန်တင်းနစ်မယ် အိုဆာကာ ရယူနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဆီဒင်အဆင့်(၄)အိုဆာကာနဲ့ ဘီလာရုစ်တင်းနစ်မယ် အဇာရန်ကာတို့ ဆုံတွေ့ခဲ့ကြတာပါ။ ဆီမီးဖိုင်နယ်မှာ နာမည်ကြီး ဆီရီနာဝီလျံကို အနိုင်ရပြီး (၂၀၁၃)နောက်ပိုင်း ဂရင်းစလမ် ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ် တက်လာခဲ့တဲ့ အဇာရန်ကာဟာ သူမရဲ့ အကောင်းဆုံးလက်စွမ်းနဲ့ ပွဲကို ဦးဆောင်ကစားနိုင်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းပွဲချိန်တွေမှာတော့ အိုဆာကာက လက်စွမ်းပိုကောင်းခဲ့ပြီး အမှတ်တွေရယူနိုင်ခဲ့ပါတယ်။ (၂)နာရီနီးပါး အကြိတ်အနယ် ယှဉ်ပြိုင်ပြီးချိန်မှာတော့ အိုဆာကာက (၁း၆၊၆း၃၊၆း၃) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရပြီး ကစားသမားဘဝ တတိယမြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုဆာကာဟာ သူမကစားခွင့်ရခဲ့တဲ့ ဂရင်းစလမ်ပြိုင်ပွဲ ဗိုလ်လုပွဲတိုင်းမှာ အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကို လည်း စိုက်ထူသွားနိုင်ခဲ့ပါတယ်။