သာယာဝတီတွင် တောင်သူလယ်သမား ၂၀၀၀ ကျော် ဆန္ဒပြ

အောက်တိုဘာ ၁ ၊ သာယာဝတီ

စပါးဈေး နိမ့်ကျခြင်း၊ သွင်းအားစု ဈေးနှုန်း ကြီးမြင့်ခြင်း၊ စံနှုန်းသတ်မှတ်ချက်အတိုင်း ဝယ်ယူခြင်းမရှိဘဲ နှိမ်ချဝယ်ယူခံရခြင်း စသည့် စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများ၏ အထွေထွေ အကြပ်အတည်းများကြောင့် အစိုးရအနေဖြင့် ဖြေရှင်းပေးစေလိုကြောင်း ဆန္ဒဖော်ထုတ်သည့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို တောင်သူလယ်သမား ၂၀၀၀ ကျော်က ယနေ့နံနက် (၈) နာရီခွဲ ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ အားကစားကွင်းရှေ့တွင် လယ်သမားအသင်းက ဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။
ယင်း ဆန္ဒဖော်ထုတ်မှုတွင် လယ်သမား ၂၀၀၀ ကျော်က နိုင်ငံတော်သီချင်း သီဆိုဟစ်ကြွေး ဖွင့်လှစ်ပြီး ဖားရွှေကျော်ရွာသူ ဒေါ်အိအိကျော်နှင့် သုံးထောင့်ကန်အုပ်စု၊ သရက်ကုန်းကျေးရွာမှ လယ်သမား ဦးထွန်းထွန်းအောင်တို့က ယနေ့ တောင်သူလယ်သမားများကြုံတွေ့နေရသည့်အခက်အခဲ အကြပ်အတည်းများ၊ အစိုးရအနေဖြင့် ကွင်းဆင်းဆောင်ရွက်စေလိုမှုများအား ရင်ဖွင့်ပြောကြားကြပြီး သာယာဝတီ အားကစားကွင်းရှေ့မှ သုံးဆယ်မြို့ ဗေဒင်ကုန်းရပ်ကွက်အထိ (၃) မိုင်ခန့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်သော လယ်သမားများသည်
၁။ ထုတ်လုပ်မှုစရိတ်ထက် ပိုမိုသော သင့်တင့်လျောက်ပတ်သည့် စပါးဈေးနှုန်းကို အစိုးရမှ အမြန်ဆုံး တာဝန်ယူ သတ်မှတ်ပေးရေး၊
၂။ သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူရာတွင်စပါးတစ်တင်းလျှင် အလေးချိန် (၄၆) ပေါင်စံနှုန်းဖြင့် အစိုးရမှ တာဝန်ယူ ဆောင်ရွက်ပေးရေး၊
၃။ စပါးအတိုင်း နိုင်ငံခြားသို့ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်ရေး၊
၎။ တောင်သူလယ်သမားရေးရာဝန်ကြီးဌာန အမြန်ဆုံးဖွဲ့စည်းပေးရေး တို့ကို ယင်းတို့၏ ဘဝမြှင့်တင်ရေးအတွက် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

#Competitor