ပြိုင်ဘက် မက်ဆီကြောင့် အကောင်းဆုံး ကစားသမားဖြစ်လာဟု စီရော်နယ်ဒို ပြော

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ပြိုင်ဆိုင်မှုများကြောင့် ပိုမိုကောင်းမွန်သည့် ကစားသမား တစ်ဦးဖြစ်လာခဲ့သည်ကို သံသယ ဖြစ်စရာမရှိကြောင်း ပြောကြားလိုက်သည်။ စီရော်နယ်ဒိုနှင့်မက်ဆီတို့သည် ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် အထိ လာလီဂါပြိုင်ပွဲတွင် အဓိက ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်။ အဆိုပါကာလအတွင်း ၄င်းတို့နှစ်ဦးပေါင်း Ballons d’Or ဆုကို ဆယ်ကြိမ်အထိ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ကြသည်။ ”မက်ဆီက ကျွန်တော့်ကို ပိုကောင်းတဲ့ကစားသမားတစ်ယောက် ဖြစ်လာအောင် လုပ်ခဲ့တယ်ဆိုတာကို သံသယဖြစ်စရာ မရှိပါဘူး။ ကျွန်တော်ဆုဖလားတွေရတဲ့အချိန်မှာ သူ့ကို နာကျင်စေမှာ ဖြစ်သလို ကျွန်တော်လည်း ဒီလိုမျိုးပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတွေရှိခဲ့သလို ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပတ်သက်မှုမျိုးလည်း ရှိနေတယ်လို့ ပြောရမှာပါ။ သူ့ကို ပြဿနာတစ်ခုလို မမြင်မိခဲ့ဖူးပါဘူး” ဟု စီရော်နယ်ဒိုက ပြောကြားခဲ့သည်။ လာလီဂါတွင် ၄င်းတို့နှစ်ဦး ယှဉ်ပြိုင်ခဲ့ရသည့် ကာလအတွင်း ဘာစီလိုနာအသင်းက အမှတ်ပေးဖလားအား ခြောက်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်က နှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သည်။ Goal