အာဖရိကတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုံအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးစာရင်းထွက်ပေါ်

တိုက်စစ်မှုးတွေဖြစ်ကြတဲ့ ဆာလာ၊မာနီနဲ့အူဘာမီယန်တို့ကို အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်နောက်ဆုံး ၃ ဦးအဖြစ် အတည်ပြုကြေညာလိုက်ပါတယ်။

အာဖရိကဘောလုံးလောကရဲ့ဂုဏ်သိက္ခာကြီးမြင့်တဲ့အဲဒီဆုအတွက် ဆန်ခါတင် နောက်ဆုံး ၃ ဦးထဲ သူတို့ပါခဲ့တာဟာ ဒါနဲ့ဆိုရင် ၂ နှစ်ဆက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အာဖရိက အကောင်းဆုံး ကစားသမားဆုကို အီဂျစ်တိုက်စစ်မှုးဆာလာက ဆွတ်ခူးသွားခဲ့ပြီး ဒီနှစ်မှာလည်း သူကပဲ ထပ်မံရရှိဖို့ ရေပန်းစားနေပါတယ်။

တကယ်လို့ ဆာလာသာ အဲဒီဆုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ဒီဆုကို ၂ နှစ်ဆက်ရယူနိုင်ခဲ့ စတုတ္ထမြောက် ကစားသမားဖြစ်လာမှာပါ။ အရင်တုန်းက ၂ နှစ်ဆက်ရခဲ့ဖူးသူ ၃ ဦးကတော့ ဆီနီဂေါတိုက်စစ်မှုး ဒီအော့ဖ်၊ ကင်မရွန်းတိုက်စစ်မှုး အီတူးနဲ့ အိုင်ဗရီကို့စ်ကွင်းလယ်လူ ယာယာတိုရေးတို့ပါ။ ဆာလာရဲ့ လီဗာပူးအသင်းဖော် မာနီကလည်း ဆုရဖို့ တစ်နှစ်ထက်တစ်နှစ်ပိုပြီး နီးစပ်လာပါတယ်။ မာနီဟာ ၂၀၁၆ ဆုပေးပွဲတုန်းက မဲပေးမှုမှာ တတိယချိတ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဆုပေးပွဲမှာတော့ ဒုတိယမဲအများဆုံးရသူဖြစ်ခဲ့တာပါ။ ဂါဘွန်တိုက်စစ်မှုး အူဘာမီယန်ကတော့ အာဖရိကအကောင်းဆုံးကစားသမားဆုရဲ့ဆန်ခါတင်နောက်ဆုံး ၃ ဦးစာရင်းထဲမှာ ၅ နှစ်ဆက်တိုက်ပါဝင်နိုင်ခဲ့တာဖြစ်ပြီး တိုရေးနဲ့ ဂါနာကွင်းလယ်လူဟောင်း မိုက်ကယ်အက်ဆီယန်တို့ရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့တာပါ။ ဒီရာသီပရီးမီးယားလိဂ် အာဆင်နယ်မှာ ဂိုးသွင်းခြေစွမ်းပြနေတဲ့ အူဘာမီယန်ဟာ အာဖရိက အကောင်းဆုံးဆုကို ၂၀၁၅ တုန်းက တစ်ကြိမ်သာ ရရှိခဲ့ဖူးပါတယ်။

ဒီဆုကို အာဖရိကဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင် ၅၆ နိုင်ငံက လက်ရွေးစင်အသင်းနည်းပြတွေနဲ့ အသင်းခေါင်းဆောင် တွေက မဲပေးရွေးချယ်ကြမှာပါ။ ဒီဆုပေးပွဲကိုတော့ လာမယ့်ဇန်န၀ါရီ ၈ ရက်နေ့မှာ ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

90Minutes