Marca ရဲ့ ၂၀၁၈ တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မက်ဆီ

ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ Marca သတင်းဌာနရဲ့ ၂၀၁၈ ခုနှစ်အတွက် ရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား အယောက် (၁၀၀) ထဲမှာ ပထမနေရာကနေ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စာဖတ်ပရိသတ်တွေမဲပေးရွေးချယ်ခဲ့တဲ့ အဆိုပါအကောင်းဆုံးကစားသမား အယောက်(၁၀၀)မှာ တော့ အာဂျင်တီးနားသား မက်ဆီဟာ Ballon d’Orဆုရှင် ခရိုအေးရှားကြယ်ပွင့် လူကာမိုဒရစ်နဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်သား အန်တိုနီဂရစ်ဇ်မန်းတို့ကို ဖြတ်ကျော်ကာ ထိပ်ဆုံးနေရာကနေ ရပ်တည်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ထဲမှာ မက်ဆီဟာ (ဥရောပသွင်းဂိုးအများဆုံး) ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် လာလီဂါဖလား အပါအဝင်ပြည်တွင်းဖလားနှစ်လုံးကို ဘာစီလိုနာအတွက် ဆွတ်ခူးပေး ခဲ့ပါတယ်။၂၀၁၈ တစ်နှစ်ပတ်လုံးမှာလည်း သွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ မက်ဆီရဲ့ ဘာစီလိုနာဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ရိုးမားအသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အပြင် နိုင်ငံအသင်း အာဂျင်တီးနားဟာလည်း (၁၆) သင်းအဆင့်မှာ ပြင်သစ်ကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၁၈ ခုနှစ်ထဲမှာမက်ဆီအတွက် မျှော်မှန်းထား သလောက် မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုးထဲကအကောင်းအဖြစ် သတ်မှတ်ရမှာကတော့ လီယွန်နယ် မက်ဆီအတွက်တော့ အငြင်းပွားဖွယ်ရာမရှိ အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ လက်ရှိ ၂၀၁၈-၁၉ ဘောလုံးရာသီမှာလည်း မက်ဆီဟာ ဘာစီလိုနာအတွက် လာလီဂါ (၁၅) ပွဲကစားထားပြီးချိန်မှာ သွင်းဂိုး (၁၅) ဂိုးရရှိထားပြီး သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ဦးဆောင်လျက် ရှိနေတဲ့အပြင် ဂိုးဖန်တီးမှုလည်း (၁၀) ကြိမ်အထိ ပြုလုပ်ထား ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း မက်ဆီဟာ (၆) ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ထားပါတယ်။ ၂၀၁၉ မှာလည်း မက်ဆီအနေနဲ့ အကောင်းဆုံးခြေစွမ်းတွေ ဆက်ပြနိုင်ဦးမလား ဆိုတာကိုတော့  စိတ်ဝင်တစား စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Source: Marca