Red Wine ကိုစွန့်လွှတ်လိုက်ပြီဖြစ်တဲ့ ဖာဂူဆန်

မန်ယူအသင်းရဲ့ဂန္ထ၀င်နည်းပြကြီးဖာဂူဆန်အတွက် ၀ိုင်အနီ(Red Wine)ဆိုတာဟာ ဘယ်တော့မှခွဲခြားလို့မရမယ့် ပုံရိပ်တစ်ခုလိုဖြစ်ခဲ့တာပါ။

ဖာဂူဆန်ဟာ မန်ယူအသင်းကိုကိုင်တွယ်ခဲ့စဉ်က ပြိုင်ဘက်နည်းပြတွေနဲ့အတူ ၀ိုင်အတူသောက်လေ့ရှိသူလည်း ဖြစ်ခဲ့တာပါ။ Red Wine ဟာ ဖာဂူဆန်အကြိုက်ဆုံးအရာတွေထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဖာဂူဆန်ဟာ ကျန်းမာရေးအရ Red Wine သောက်ခြင်းကို စွန့်လွှတ်ထားတယ်လို့ သိရပါတယ်။ အသက် 76 နှစ်အရွယ် ဖာဂူဆန်ဟာ ပြီးခဲ့တဲ့မေလက ဦးနှောက်ခွဲစိတ်ခံယူမှုကနေ ကံကောင်း ထောက်မစွာနဲ့ အလုံးစုံပြန်လည်ကျန်းမာလာခဲ့ပြီး စက်တင်ဘာလအတွင်း ၀ုဗ်နဲ့ကစားခဲ့တဲ့ မန်ယူအသင်းရဲ့ ပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် လာရောက်ကြည့်ရှုနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဖာဂူဆန်ဟာ ကျန်းမာရေးအရ အရက်သေစာသောက်စားခြင်းကိုရှောင်ကျဉ်ထားရပြီး အဲဒီထဲမှာ သူ့အကြိုက်ဆုံး Red Wine လည်းပါဝင်ခဲ့တာပါ။ ပြင်သစ်တောင်ပိုင်းကို အပန်းဖြေ သွားရောက်စဉ်အတွင်း ဖာဂူဆန်သွားနေကျဖြစ်တဲ့ Restaurant La Mère Germaine စားသောက်ဆိုင်တာဝန်ရှိသူတစ်ဦးက ”ဒီကိုလာတိုင်း ဖာဂူဆန်ဟာ ရေပဲသောက်ပါတော့တယ်။ ၀ိုင်တစ်စက်တောင်မှ သူ့နှုတ်ခမ်းကိုမထိပါဘူး။ ဆာအဲလက်စ်က သူ့ဝိုင်တွေကိုသိပ်ချစ်တာပါ။ အခုတော့ အဲဒါကိုရပ်ထားပါတယ်။ ကျွန်တော်တို့အတွက်တော့ အဲဒါကမကောင်းဘူးပေါ့။ ဒါပေမဲ့ သူ့ရဲ့ ကျန်းမာရေးက အရေးကြီးအဆုံးပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

90Minutes