ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ထောက်ပံ့ပေးအပ်

 

သြဂုတ်၊ ၂၄

မွန်ပြည်နယ်သို့ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ယနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ချိန်တွင် ကျိုက်မရောမြို့နယ်၊ လမုခိုကျေးရွာအုပ်စု၊ မုရင်းကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ပထမဦးစွာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ကျိုက်မရောမြို့နယ်၊ လမုခိုကျေးရွာအုပ်စု၊ မုရင်းကုန်းကျေးရွာ၊ မြစိတ္တသုခကျောင်းတိုက်ဆရာတော်အားဖူးမြှော်၍ ငါးပါးသီလခံယူခဲ့ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။

၎င်းနောက် စိတ္တသုခဓမ္မာရုံတွင်ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ လှူဒါန်းပစ္စည်းများပေးအပ်ခဲ့ပြီး မုရင်းကုန်းကျေးရွာ ရေဘေးသင့်ပြည်သူများကိုယ်စား ရပ်မိရပ်ဖများမှ ရေဘေးခံစားရသည့်အခြေအနေများအား ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ယခုကဲ့သို့ရေဘေးသင့်နေသည့် ပြည်သူများအား မိမိတို့ပါတီဘက်မှ လာရောက်ပြီး ကူညီပံ့ပိုးရသည့်အခြေအနေများအာ ဆွေးနွေးပြောကြားရာတွင် “မိမိအနေဖြင့် မိမိတို့ပါတီဝင်များအား သဘာဝဘေးနှင့်ကြုံတွေ့လာခဲ့ပါက ပါတီအဆင့်ဆင့်၏ညွှန်ကြားချက်များအား စောင့်ဆိုင်းရန်မလိုဘဲ အချိန်နှင့်တပြေးညီ တက်နိုင်သည့်ဘက်မှ သွားရောက်ကူညီပေးရန် ” ညွှန်ကြားထားပြီးဖြစ်ကြောင်းဆွေးနွေးပြောဆိုခဲ့ပြီးနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ရေဘေးသင့်ပြည်သူများအား မိမိတို့ပါတီဘက်မှ ရေဘေးသင့်ပြည်သူများအပေါ် တက်စွမ်းသည့်ဘက်မှထောက်ပံ့ပေးအပ်ခဲ့မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ လှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီ အထွေထွေအတွင်းရေးမှူး (မွန်ပြည်နယ်တာဝန်ခံ) ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့သည်။