နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပွဲ၌ မြန်မာပြည်ချန်ပီယံလုပွဲနှင့် ကမ္ဘာ့ချန်ပီယံလုပွဲများ ပါဝင်မည်

နေပြည်တော်၌ ကျင်းပမည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC-5) တွင် လိုက်ဝယ်သာ ဝိတ်တန်း မြန်မာပြည် ချန်ပီယံလုပွဲနှင့် လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲများ ပါဝင်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်သည်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC-5) ပြိုင်ပွဲကို နေပြည်တော် ရှိ  ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ဇွန်လ ၂ ရက်၌ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်ခုနှစ်ပွဲ ပါဝင်မည်ဖြစ်သည်။

လိုက်ဝယ်သာဝိတ်တန်း မြန်မာပြည်ချန်ပီယံလုပွဲတွင် စောဒါဝိတ်နှင့် ကျော်ဇင်လတ်၊ လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲတွင် စောဘဦးနှင့် ပိုလန်နိုင်ငံသား ဆာလာဒိုက်တို့ ယှဉ်ပြိုင် မည်ဖြစ်သည်။

‘‘ဒီတစ်ပွဲ WLC-5 က ပရိသတ်တွေ ပိုပြီးအကြိုက်တွေ့စေမယ်လို့ အာမခံပါတယ်။ ချန်ပီယံလုပွဲ နှစ်ပွဲပါဝင်မယ်။ အမျိုးသမီး တွဲဆိုင်းတစ်ဆိုင်းပါမယ်’’ ဟု ပွဲစီစဉ်သူ မြန်မာလက်ခမောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက ပြောသည်။

ငါးချီစိန်ခေါ်ပွဲများဖြင့် ကျင်းပမည့် ယင်းလက်ဝှေ့ပွဲတွင် စောငမန်းနှင့် သြစတြေးလျနိုင်ငံသား မိုက်ကယ်ဘာဒါတို၊ သပြေညိုနှင့် ဖိုးလပြည့်၊ မိုက်ရိုင်းနှင့် ပေါ်တူဂီ နိုင်ငံသား အန်တိုနီယိုအယ်ဘာတို၊ စောထူးအောင်နှင့် လက်သီးမိုးတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးစိန်ခေါ်ပွဲအဖြစ် ရွှေနဒီနှင့် ကမ္ဘောဒီးယားနိုင်ငံသူ နိုဆရီပေါ့တို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC-3 ပြိုင်ပွဲအထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော်လည်း WLC-4 ပြိုင်ပွဲကို ယခုနှစ် ဖေဖော်ဝါရီက နေပြည်တော်၌ ပထမဆုံးကျင်းပပြီး  ပရိသတ်များ  ကွင်းလုံးပြည့်နီးပါး  လာရောက် ကြည့်ရှုခဲ့သည်။  ပွဲပြင်ဆင်မှုစိတ်တိုင်းကျပြုလုပ်နိုင်ပြီး ဝန်ကြီးဌာနများ အကူအညီဖြင့် လာမည့်ပွဲစဉ်ကို နေပြည်တော်၌ ကျင်းပရန်စီစဉ်ထားကြောင်း ဦးဇေသီက ဆိုသည်။

7Days