ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် Windows XP အတွက် အရေးပေါ် patch ဖြန့်ချိလိုက်တဲ့ Microsoft

ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်းတွေမှာဖြစ်ပွားခဲ့တဲ့ WannCrypt ransomware တိုက်ခိုက်မှုတွေကြောင့် Windows XP လိုမျိုး အထောက်အပံ့မပေးတော့တဲ့ operating system တွေအတွက် patch တွေကို Microsoft က ဖြန့်ချိလိုက်ပါတယ်။

အဲ့ဒီ ransomware တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့သောကြာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက နိုင်ငံ ၁၅၀ ကျော်မှာရှိတဲ့ ဘဏ်တွေ၊ ဆေးရုံတွေနဲ့ အစိုးရအေဂျင်စီတွေမှာအသုံးပြုနေတဲ့ သက်တမ်းရင့် Microsoft operating system တွေရဲ့ အားနည်းချက်တွေကို အသုံးချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

WannaCrypt ransomware ဟာ encrypt လုပ်ထားတဲ့ ဖိုင်တွေအတွက် ဒေါ်လာ ၃၀၀ ကို Bitcoin နဲ့ပေးဖို့ တောင်းဆိုထားပါတယ်။ ၃ ရက်အတွင်း ငွေမပေးချေဘူးဆိုရင် ဈေးနှုန်းက နှစ်ဆမြင့် တက်သွားမယ်ဆိုပြီး screen message မှာ ဖော်ပြထားပါတယ်။ တစ်ပတ်အတွင်း တောင်းဆိုထားတဲ့ ငွေပမာဏကို မပေးချေဘူး ဆိုရင်တော့ ဖိုင်တွေကို အပြီးတိုင်ဖျက်ပစ်သွားမယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။

ဒီ ransomware တိုက်ခိုက်မှုကြောင့် ယူကေတစ်ဝန်းက ဆေးရုံတွေရဲ့ စနစ်တွေက offline ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် လူနာတွေရဲ့ ချိန်းဆိုမှုတွေကို ပယ်ဖျက်ခဲ့ရသလို ဆရာဝန်တွေနဲ့ သူနာပြုတွေကလည်း စာရွက်နဲ့ ဘောပင်တွေကို အသုံးပြုခဲ့ရပါတယ်။ NHS England ကတော့ ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ အရေးကြီးတဲ့ အဖြစ်အပျက်တစ်ခုဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Ransomware တိုက်ခိုက်မှုတွေဟာ EternalBlue လို့ခေါ်တဲ့ software အားနည်းချက်တစ်ခုကို အသုံးချ တာကြောင့် အလွန်ပြင်းထန်တယ်လို့ ဆိုက်ဘာလုံခြုံရေးသုတေသီတွေက မှတ်ချက်ပြုခဲ့ ပါတယ်။ ဒီ Windows အားနည်းချက်ဟာ zero-day တွေထဲကတစ်ခုဖြစ်ပြီး အမေရိကန်လုံခြုံရေးအေဂျင်စီ (NSA) ကနေ Shadow Brokers ဟက်ကာအဖွဲ့ထံ သတင်းပေါက်ကြားခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

ပစ်မှတ်အားလုံးမှာ တူညီတဲ့အချက်တစ်ခုကတော့ Windows XP, Windows 8 နဲ့ Windows Server 2003 လိုမျိုး သက်တမ်းရင့် Windows operating system တွေကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။

အဲ့ဒီအတွက်ကြောင့် WannaCrypt ransomware နဲ့ အခြားတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် security update တွေကို Microsoft က Windows XP နဲ့ အခြား operating system တွေအတွက် ဖြန့်ချိ ပေးခဲ့တာ ဖြစ်ပါတယ်။

သုံးစွဲသူများအနေနဲ့ security update တွေကို Windows Server 2003 SP2 x64, Windows Server 2003 SP2 x86, Windows XP SP2 x64, Windows XP SP3 x86, Windows XP Embedded SP3 x86, Windows 8 x86 နဲ့ Windows 8 x64 အတွက် သက်ဆိုင်ရာ Microsoft စာမျက်နှာတွေမှာ download ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Ref: ZDNet