ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေး မတ်လ ၂၀ ရက် စတင်မည်

ရှမ်းပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးကို မတ်လ ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ တောင်ကြီးမြို့သို့ မတ်လ ၁၉ ရက်ထက် နောက်မကျဘဲ အရောက်လာရန် အကြောင်းကြားထားသည်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

‘‘ပုံမှန်အစည်းအဝေးပဲဆိုတော့ ထူးခြားတဲ့တင်ပြချက်တွေ ပါလာမယ်လို့တော့ မထင်ထားပါဘူး။ အန်တီတို့ ပါတီဘက်က ကိုယ်စားလှယ်တွေအနေနဲ့ ဒီပုံမှန်အစည်းအဝေးမှာ တင်ပြဆွေးနွေးဖို့ အကြောင်းအရာတွေ မရှိသေးပါဘူး’’ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သိန်းနီမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က ပြောသည်။

လွှတ်တော်အစည်းအဝေးများ စတင်မည့်ရက် ထုတ်ပြန်သော်လည်း ရက်အကန့်အသတ်မည်မျှဖြင့် အစည်း အဝေးပြုလုပ်မည်ကို မသိသေးကြောင်း ကိုယ်စားလှယ်အချို့က ပြောသည်။

‘‘ကျွန်တော်တို့ဆီကိုလည်း တရားဝင် အကြောင်းကြားလာပါပြီ။ လွှတ်တော်အစည်းအဝေးကတော့ ငါးရက် လောက် ဖြစ်မယ်ထင်တယ်’’ ဟု ဒီချုပ်ပါတီမှ ညောင်ရွှေမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုး က ပြောကြားသည်။

ရှမ်းပြည်နယ်လွှတ်တော်တွင် အနိုင်ရပါတီကိုးခုမှ လွှတ်တော် ကိုယ်စားလှယ် ၉၄ ဦး၊ တိုင်းရင်းသား လူမျိုးရေးရာ  ၀န်ကြီး ကိုယ်စားလှယ် ခုနစ်ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး တက်ရောက်နေသည်။

# 7 Day Daily