KIA, TNLA, MNDAA, AA အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ခြင်းကို ထောက်ခံကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့ သဘောထားထုတ်ပြန်

KIA, TNLA, MNDAA, AA အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ခြင်းကို ထောက်ခံကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့က သဘောထားထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းထုတ်ပြန်ချက်ကို မြစ်ကြီးနားမြို့ အခြေစိုက် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက် အစည်းအဝေး၌ အဖွဲ့အစည်းဝင် ခေါင်းဆောင် ၁၂  ဦး၏ ဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် အချက်လေးချက် ပါဝင်ပြီး ပြည်ထောင်စုလွှတ်တော်တွင် မြောက်ပိုင်းမဟာမိတ် တပ် ပေါင်းစုအဖွဲ့များဖြစ်သည့် KIA, TNLA, MNDAA, AA အဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ်အဆိုအား မှတ်တမ်း တင်ခြင်းမှာ လွှတ်တော်က သဘောထားကြီးခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်လွှတ်တော်တွင် မဟာမိတ်တပ်ပေါင်းစု အဖွဲ့များအဖြစ် အတည်ပြုခြင်းမှာ ဒေသခံတိုင်းရင်းသားအကျိုးစီးပွား၊ ဒေသခံပြည်သူလူထု၏ ငြိမ်းချမ်းသာယာ ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ယင်းအဖွဲ့များကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခြင်းကို ထောက်ခံပါကြောင်း၊ နိုင်ငံတော်အနေဖြင့် NCA အတွက် လက်မှတ်ထိုးခြင်းမရှိသော တိုင်းရင်းသားအဖွဲ့များအား ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို မလိုလားသောအဖွဲ့အဖြစ်သတ်မှတ်၍ ၎င်းတို့ရရှိပြီးသော ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများကို ဖျက်သိမ်းပေးရန်နှင့် ယင်းဒေသရှိ ဒေသခံတိုင်းရင်းသားများကို မိမိကိုယ်မိမိ ကာကွယ် နိုင်ရန် တရားဥပဒေနှင့်အညီ ယာယီလက်နက်ကိုင်ဆောင်ခွင့် ဥပဒေပြဋ္ဌာန်းပေးရန်၊ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုအဖွဲ့များသည် ဒေသခံပြည်သူလူထုများကို တိုက်ရိုက်ရည်ရွယ်၍ ထိခိုက်နစ်နာအောင်လုပ်ခြင်းကြောင့် အကြမ်းဖက် အဖွဲ့အစည်းသာ ဖြစ်ကြောင်း၊ ပြည်သူလူထုအကျိုးငှာ ငြိမ်းချမ်းသာယာရေးအတွက် နိုင်ငံတော်၏ မူဝါဒနှင့်အညီ NCA လက်မှတ် ရေးထိုး၍ နိုင်ငံရေးဆွေးနွေးပွဲသို့ ပါဝင်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးထွန်းရင်က “ထုတ်ပြန်ချက်က ကျွန်တော်တို့အဖွဲ့က ထုတ်တာဟုတ်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်က ခေါင်းဆောင် ၁၂  ဦးက  စည်းဝေးပြီး ၁၁ ရက် မှာသဘောထားထုတ်ပြန်ခဲ့တာပါ။ သဘောထားထုတ်ပြန်တာကတော့ မူဆယ်တို့၊ စီးပွားရေးဇုန်တို့မှာ ရခိုင်လည်း မရှိဘူး။ ကေအိုင်အေလည်း မရှိဘူး။ ဖုန်ကြားရှင်အဖွဲ့လည်း မရှိဘူး။ ထို့အတူ တပ်မတော်လည်းမရှိဘူး။ ရဲ နည်းနည်းလည်း မြို့ပြင်မှာပဲ ရှိတယ်။ ဒီနေရာတွေကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာတွေ ဘယ်လိုမှမဖြစ် သင့်ဘူး။ လုံးဝကိုမဖြစ်သင့်တဲ့ကိစ္စတွေပါ။ လူထုရဲ့ဆန္ဒတွေကို အတတ်နိုင်ဆုံးလိုက်လျောနိုင်ရင်ကောင်းပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်ဆိုရင်လည်း မတင်မကျနဲ့ ဘယ်နေရာမှာမှ မဖွံ့ဖြိုးဘူး” ဟု ပြောကြားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIA, TNLA, MNDAA, AA လက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များကို ရှုတ်ချ ကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အဆိုကို ရှမ်းပြည်နယ်လွှတ်တော်တွင် ဒီဇင်ဘာ ၇ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၁၅ ဦး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ  ၆၃ မဲ၊ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေမဲ ခုနစ်မဲဖြင့် ထောက်ခံမဲများသောကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။      # Eleven


Leave a Reply