လူ့အခွင့်အရေးကော်မရှင်ရုံးခွဲ နေပြည်တော်တွင် ပထမဆုံးဖွင့်မည်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ပထမဆုံးရုံးခွဲကို နေပြည်တော်၌ ၂၀၁၇ ဇန်န၀ါရီအတွင်း ဖွင့်လှစ်မည်ဟု ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောသည်။ ယင်းသို့ လူ့အခွင့်အရေး ကော်မရှင်ရုံးခွဲဖွင့်လှစ် နိုင်ခြင်းအားဖြင့် ကော်မရှင်ကဆောင်ရွက်နေသည့် လူ့အခွင့်အရေး အသိပညာပေးရေးလုပ်ငန်းများ၊ လူ့အခွင့် အရေးကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများကို ယခင်ကထက် မြန်ဆန်စွာလုပ်ဆောင်နိုင်ပြီး ပြည်သူများက တိုင်ကြားလာသည့် တိုင်ကြားစာများအပေါ် ကိုင်တွယ်ဖြေရှင်းရာတွင်လည်း ပိုမိုမြန်ဆန်လာမည်ဟု ၎င်းကဆို သည်။

‘‘မြေနဲ့ ရုံးနဲ့တောင်းနေတာ နေပြည်တော်ကတော့ရပြီ။ မန္တလေးက မရသေးဘူး။ နေပြည်တော်ကတော့ ဇန်န၀ါရီထဲ လောက် ဖွင့်နိုင်ဖို့လုပ်နေတယ်။ မန္တလေးလည်းရရင် ဇန်န၀ါရီထဲလောက် နောက်ဆုံးဖွင့်မှာ။ လောလောဆယ် တော့ နေပြည်တော် ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ လွတ်နေတဲ့ ရုံးခန်းတစ်ခန်းကို ပေးတယ်။ အဲဒီမှာ ရုံးခန်းဖွင့်မယ်’’ ဟု ဦးစစ်မြိုင်က ပြောသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်တွင် ကော်မရှင်အတွက် မြေနေရာ ရရှိထားပြီးဖြစ်၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ကော်မရှင်ရုံး ဆောက်လုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။ ‘‘နေပြည်တော်နဲ့ မန္တလေးမှာ ဖြစ်ပွားတဲ့ကိစ္စတွေဆိုလို့ရှိရင် အဲဒီမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လူ့အခွင့်အရေးအရာရှိတွေက ရုံးချုပ်ရဲ့ ညွှန်ကြားချက်နဲ့အညီ ချက်ချင်းအကူအညီပေးနိုင်မယ်။ နောက် မန္တလေးနဲ့နေပြည်တော်မှာ လုပ်မယ့် လူ့အခွင့် အရေးဆိုင်ရာ အသိပညာပေးတဲ့ပွဲတွေ၊ ဟောပြောပွဲတွေမှာလည်း ကျွန်တော်တို့ ကိုယ်စားဆက်သွယ် ဆောင်ရွက် ပေးနိုင်မယ်။ အဲဒီနယ်မြေတွေမှာတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်များ ယခင်ထက်ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဖြစ်လာမှာပေါ့။ တိုင်စာတွေလည်း မြန်မြန်ဆန်ဆန်ဖြစ်လာမယ်။ ကွင်းဆင်းစစ်တာတွေ လုပ်နိုင်တဲ့အတွက် ပိုမိုပြီးတော့ အချက်အလက် အပြည့်အစုံ ကျွန်တော်တို့ရလာမယ်’’ ဟု ဦးစစ်မြိုင်က ပြောသည်။

ရန်ပုံငွေရရှိမှုနှင့် လိုအပ်ချက်အပေါ် မူတည်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူ့အခွင့်အရေး ကော်မရှင်ရုံးခွဲများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြည်သူများက တိုင်ကြားလာသည့် တိုင်ကြားမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြောင်းကြားခြင်း၊ အကြံပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းနှင့် တိုင်ကြားစာ အများစုသည် လယ်ယာမြေ ပြဿနာများနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၀ စက်တင်ဘာ ၅ ရက်တွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်း ပေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ၂၀၁၄ စက်တင်ဘာ၌ ပြန်လည် ဖွဲ့စည်းခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေး အကာအကွယ် ပေးရေး ဆောင်ရွက်ရာတွင် အားနည်းမှုများရှိခဲ့၍ ပြည်သူများ၏ ဝေဖန်မှုများလည်း ကြုံတွေ့ခဲ့ကာ လူ့အခွင့်အရေး ကော်မရှင် ပြန်လည်ဖွဲ့စည်းရန် တောင်းဆိုလှုပ်ရှားမှုများ လည်းရှိခဲ့သည်။ # 7 Day Daily


Leave a Reply