မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် အထူးဒေသ(၄) မိုင်းလားအဖွဲ့တို့ သြဂုတ် ၂ ရက်တွင် ရန်ကုန်၌ တွေ့ဆုံ မည်

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် အထူးဒေသ(၄) မိုင်းလား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်းဦးဆောင်သည့် အဖွဲ့တို့ ရန်ကုန်တွင် သြဂုတ် (၂) ရက်၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောကြား လိုက်သည်။

ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေအိမ်စံဟိုတယ်တွင်ပြုလုပ်သော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် “၀” အထူးဒေသ(၂)မှ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုပေါလစ်ဗျူရို အမြဲတမ်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံပွဲအပြီး ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး (ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း)က သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ်ပြန် လည်ဖြေကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် အထူးဒေသ (၄) မိုင်းလားအဖွဲ့တို့သည် ဇူလိုင်လ (၃၀) ရက်တွင် နေပြည်တော်၌တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း သြဂုတ် (၂) ရက်တွင်မှ ရန်ကုန်ရှိ NRPC ၌ တွေ့ဆုံရန် ရွှေ့ဆိုင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးက “မိုင်းလားအဖွဲ့နဲ့ ၂ ရက်နေ့တွေ့မယ်။ NRPC မှာ မွန်းလွဲ ၁ နာရီစပြီးတွေ့မှာက အထူးဒေသ (၄) မိုင်းလား အဖွဲ့နဲ့ပါ။ ဒီနေ့မတွေ့နိုင်တာက ၀န်ကြီးဌာနဘက်မှာ သူတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆွေးနွေးစရာတွေရှိတဲ့အတွက် ချိန်းထားတာတွေရှိနေတာကြောင့် မပါတာပါ။ မိုင်းလား အဖွဲ့ကတော့ ရန်ကုန်မှာတွေ့ကြမှာပါ။ ဘာကိစ္စအကြောင်းနဲ့မှ ခွဲခြားတွေ့ခြင်းမဟုတ်ပါဘူး။ မိုင်းလားအဖွဲ့ကလည်း ရန်ကုန်ကိုဆင်းဦးမှာမို့ ရန်ကုန်မှာပဲတွေ့ကြမယ်လို့ ချိန်းလိုက်ကြာပါ” ဟု သတင်းမီဒီယာများကို ပြောပြသည်။

‪Democracytoday


Leave a Reply