အင်တာနက်လိုင်း ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်မည့် 2600 MHz လှိုင်းစဉ်နှုန်းကို ဆက်သွယ်ရေးက လေလံတင် ရောင်းချမည်

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် 2600 MHz လှိုင်းစဉ်နှုန်းကို အောက်တိုဘာ ၁၇ ရက်တွင် လေလံတင် ရောင်းချမည်ဖြစ်ပြီး ဆက်သွယ်ရေး ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့် NFS (I) လိုင်စင်ရရှိထားသည့် ကုမ္ပဏီ ၃၅ ခု ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် အထက်ပါလှိုင်းစဉ်နှုန်း 2600 MHz ကို လေလံတင်ရောင်းချရန် ဇူလိုင် ၂၅ ရက်တွင် လေလံတင်ရောင်းချခြင်းနှင့် သက်ဆိုင်သော မူဘောင်တစ်ခုထုတ်ပြန်ခဲ့ပြီး လေလံကို စိတ်ဝင် စားသော  ကုမ္ပဏီများက EoI (Expression of Interest) သို့ သြဂုတ် ၉ ရက် နောက်ဆုံးထား၍ တင်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ယင်းဌာနက သတင်းထုတ်ပြန်သည်။

‘‘ကျွန်တော်တို့က နယ်မြေသုံးခုခွဲပြီး တစ်ခုမှာနှစ်ဦးစီပေးပါ့မယ်။ ကုမ္ပဏီတစ်ခုက လေလံနှစ်ခုကို အများဆုံး ဆွဲနိုင်တော့ ကုမ္ပဏီသုံးခုကနေ ခြောက်ခုအထိ ဖြစ်နိုင်တာပေါ့လေ’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောသည်။

လှိုင်းစဉ်နှုန်း 2600 MHz သည် အင်တာနက်ဘန်းဝှစ် ပိုမိုကျယ်၍ အင်တာနက်လိုင်း ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။

အဆိုပြုလွှာ (EoI) လျှောက်တင်လာသည့် ကုမ္ပဏီများထဲမှ စည်းကမ်းချက်နှင့် ညီ၊ မညီကြည့်ရှုခြင်း၊ ဘဏ္ဍာရေး အခြေအနေနှင့် နည်းပညာဆိုင်ရာ အစီအစဉ်များကို စစ်ဆေးခြင်းတို့ကို ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက စိစစ်ခွင့်ပြုပေးမည်ဟု ဦးမျိုးဆွေ က ပြောသည်။

လက်ရှိ ပြည်တွင်း၌ ဆက် သွယ်ရေးအော်ပရေတာ သုံးခုအ ပါအ၀င် NFS (I) လိုင်စင်ရရှိထားသောကုမ္ပဏီ ၃၅ ခုရှိပြီး 4G စနစ်ကို ပြောင်းလဲနေသော အော်ပရေတာသုံးခုက အပြိုင်အဆိုင် လေလံဆွဲလာဖွယ်ရှိသော်လည်း တယ်လီနောမြန်မာ  ကုမ္ပဏီသည် 2600 MHz ထက် 1800 MHz လှိုင်းစဉ်နှုန်းကို ပိုမိုလိုအပ်ကြောင်း ထုတ် ဖော်ပြောကြားထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် အထက်ပါ 2600 MHz လှိုင်းစဉ်နှုန်းကို လေလံဆွဲရန် စဉ်းစား သုံးသပ်နေဆဲဖြစ်ကြောင်း MPT ၏ တာဝန်ရှိသူတစ်ဦးက 7 Day Daily သတင်းစာအား ပြောသည်။

2600 MHz လှိုင်းစဉ်နှုန်း လေလံ ဈေးနှုန်းသတ်မှတ်မှုကို လေလံပွဲကျင်းပမည့် အောက်တိုဘာ ၁၇ ရက်တွင် ကြေညာမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီး ဌာနမှသိရသည်။

7 Day Daily

 


Leave a Reply