ရခိုင်တွင် လူသားချင်းစာနာမှု အကူအညီများကို ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အတိုင်ပင်ခံရုံး ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုကြောင့် နေ့ရပ်စွန့် ခွာတိမ်းရှောင်နေရသည့် ဒေသတွင်း နေထိုင်သူများ အား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို အစိုးရနှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ (Red Cross Movement) တို့  ပူးပေါင်း၍ ထိရောက်စွာဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး က သတင်းထုတ်ပြန်သည်။

ရခိုင်ဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို စက်တင်ဘာ ၄ရက်တွင် နေပြည်တော်၌ ပြုလုပ် ခဲ့သည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်မှ စတင် ဖြစ်ပွားနေသော အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ၍ တိမ်းရှောင်နေရသည့် ဒေသတွင်း နေထိုင် သူများ အားလုံးအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံ များမှ ပါဝင်ပူးပေါင်း ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းထုတ်ပြန် သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ဗြိတိန်၊ ဒိန်းမတ်၊ အမေရိကန်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများ၊ သြစတြေးလျ နိုင်ငံသံရုံးမှ သံရုံး ယာယီတာဝန်ခံ၊ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံးမှ သံမှူးကြီး၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်၊ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့တွင် ပါ ဝင်သော MRCS, ICRC, IFRC တို့မှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းထုတ်ပြန်သည်။

ကြက်ခြေနီလှုပ်ရှားမှု အဖွဲ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ( MRCS) ၊ နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC)နှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (IFRC) တို့ပါဝင်သည်။ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ များသည် နေရပ်စွန့်ခွာ၍ နယ်စပ် ဧရိယာ အပါအဝင်လုံခြုံရေးနေ ရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောဒေသအကြမ်း ဖက်မှု ဖြစ်စဉ်များကြောင့် ကျေးရွာ ၇၀ ကျော်မှ ဒေသခံ တိုင်းရင်းသားပြည်သူ တစ်သောင်းကျော်သည် နယ်မြေခံ တပ်ဌာနချုပ်များ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများသို့ ရွှေ့ ပြောင်းနေထိုင်ခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ အလားတူဘင်္ဂါလီများလည်း နယ်စပ်သို့ထွက်ပြေးတိမ်း ရှောင်မှုများရှိသည်။ ဘင်္ဂလားဒေ့ရှ် သတင်းဌာနများ ကမူ ရခိုင်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် လူဦးရေ ကိုးသောင်းခန့်  ထွက်ပြေး တိမ်းရှောင်လာကြောင်း ရေးသား ဖော်ပြသည်။

ဒုသမ္မတ  (၁) ဦးမြင့်ဆွေ သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာ အထူးကိုယ်စား လှယ် Mr.Sun Guoxiang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို သမ္မတအိမ်တော်၌ စက်တင်ဘာ ၄ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။ ယင်းကဲ့သို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမောင် တောဒေသ အကြမ်းဖက် မှုဖြစ်စဉ် များ၊ မောင်တောဒေသတည်ငြိမ်း  အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာ ကိစ္စရပ်များ၊ မောင်တော ဒေသ အကြမ်းဖက်မှုဖြစ်စဉ်များ ကို နိုင်ငံတကာသို့ အလျင်အမြန် အသိပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်သည်။