ရပ်နားထားသော မဏိပူရ်ဆည် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ မဏိပူရ်မြစ်ပေါ်တွင်လုပ်ဆောင်နေသော မဏိပူရ်ဆည်စီမံကိန်း ရပ်နားထားခဲ့ရာမှ တရုတ်ကုမ္ပဏီတစ်ခု၏ ဖြစ်မြောက်နိုင် ကြောင်း အစီရင်ခံစာကြောင့် ဆက်လက်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောကြားသည်။

အဆိုပါ မဏီပူရ်ဆည်စီမံကိန်းမှာ ကိုရီးယားသမ္မတနိုင်ငံကုမ္မဏီတစ်ခုက မဖြစ်မြောက်နိုင်ကြောင်း အစီရင်ခံစာ ကြောင့် ရပ်နားထားခဲ့ခြင်းဖြစ်သည်။

ဆည်တည်ဆောက်ရေးကို ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ပြည်တွင်းကုမ္ပဏီ MEGA Resources Co.Ltd၊ ကိုရီးယားသမ္မတနိုင်ငံ HANSHIN Engineering and Condtruction Co.Ltd နှင့် ရေအား လျှပ်စစ်စီမံကိန်းဦးစီးဌာနတို့ ပူးပေါင်းနားလည်းမှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရှိရသည်။

ယင်းဆည်စီမံကိန်းအတွက် ၂၀၀၇ ခုနှစ်မှ စတင်ကာ ရေယူဥမင်လိုဏ် အမှတ် (၁) နှင့် အမှတ် (၂) တို့၏ အဝင်ပိုင်း၊ အထွက်ပိုင်း အပေါ်ယံမြေကြီး ကျောက်သား တူးဖော်ခြင်းလုပ်ငန်း၊ ရေထိန်းတံခါးပြွန် အမှတ် (၁) နှင့် အမှတ် (၂) တို့ အပေါ်ယံမြေကြီး ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ဖိအားမြင့် သံမဏိပိုက်လိုင်း အပေါ်ယံ မြေကြီး ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ကဗျည်းချောက်ကျေးရွာအနီး ကျောက်ထုတ်ဧရိယာ ပဏာမ စူးစမ်း လေ့လာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

စီမံကိန်း ဖြစ်မြောက်နိုင်ကြောင်း အစီရင်ခံစာ တင်ပြနိုင်မှုမရှိခြင်း၊ ကိုရီယားသမ္မတနိုင်ငံ ကုမ္မဏီက တည်ဆောက်ရမည့် အချိန်နှင့် အခြေအနေများကို အသေးစိတ် လေ့လာခဲ့ရာ ရင်းနှီးမြုပ်နှံမှု အခက်အခဲရှိကြောင်း တင်ပြပြီး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စတင်ရပ်နားထားခဲ့ရကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။

ရေဧကပေ ၁၂၆၀၀၀၀ သိုလှောင်နိုင်ပြီး ကျပ် ၃၁၄၅၀၈ ဒသမ ၂၉၂ သန်းပေါင်း ကုန်ကျမည့် မဏိပူရ်ဆည် စီမံကိန်းကို  ကိုရီးယားသမ္မတနိုင်ငံ ကုမ္မဏီမှ မဖြစ်မြောက် နိုင်သည့်အတွက် ရပ်နားထားခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းကုမ္မဏီ စိန်အင်တာပရိုက်နှင့် China Harbour Engineering ကုမ္မဏီ လီမိတက်နှင့် လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုပြီး စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကို ၂၀၁၅ ခုနှစ် စက်တင် ဘာလတွင် တင်ပြခဲ့ကြောင်း၊ အစိုးရသစ် လက်ထက် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အကောင်အထည်ဖော်မည် မဟုတ်သော်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ အတည်ပြုချက် ရယူပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း က ပြောသည်။

The Voice


Leave a Reply