ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့သို့ ရောက်ရှိပြီး လုပ်အားပေးအဖွဲ့များအား တွေ့ဆုံအားပေး

 

စစ်တွေ မေ ၂၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် အလွန်အားကောင်းသည့် မိုခါမုန်တိုင်းဒဏ်သင့်သည့် စစ်တွေမြို့သို့ ယနေ့ မေလ ၂၈ ရက်နေ့ ရောက်ရှိပြီး လုပ်အားပေးဆောင်ရွက်နေသည့် ပြည်ခိုင်ဖြိုးပါတီဝင်များအားတွေ့ဆုံအားပေးခဲ့သည်။
ပထမဦးစွာ စစ်တွေလေဆိပ်တွင် ကယ်ဆယ်ရေးပစ္စည်းများ ကူညီသယ်ဆောင်ပေးနေသည့် ပါတီဝင်များကို တွေ့ဆုံအားပေးခဲ့ပြီး ပြည်တော်သာရပ်ကွက် လမ်းများပေါ်တွင် လဲကျနေသည့် သစ်ပင်များဖြတ်တောက် ရှင်းလင်းခြင်း အမှိုက်များ ရှင်းလင်းခြင်းတို့ ကူညီလုပ်ဆောင်နေကြသည့် ပါတီဝင်များကို ထပ်မံတွေ့ဆုံ အားပေးခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းက ယခုကဲ့သို့ လာရောက်၍ ပြည်သူလူထုကို ကူညီဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပြည်သူလူထုအကျိုးအတွက် တက်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လုပ်အားပေးအဖွဲ့တွေ ဆောင်ရွက်ပြီးစီးတဲ့ နေရာတွေကို လိုက်လံကြည့်ရှု့ခဲ့ပါသည်။
အဲဒီနောက် မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီနေသည့် ဒေသခံပါတီဝင်များ အနယ်နယ်အရပ်မှ လာရောက် ကူညီနေသည့် ပါတီဝင်များအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး လုပ်အားပေးဆောင်ရွက်နေသည့် ပါတီဝင်များအတွက် စားသောက်စရိတ်များကို ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေထံသို့ ပေးအပ် လှူဒါန်းခဲ့ပါသည်။