မန်ယူအသင်း၌ ဆက်နေရန်အတွက် ပြီးခဲ့သည့်နွေက PSG အသင်း၏ တစ်ပတ်လစာ ပေါင် (၄၀၀၀၀၀)ကျော်ဖြင့် ကမ်းလှမ်းမှုကို ရပ်ရှ်ဖို့ဒ် ငြင်းပယ်ခဲ့

အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း၌ ဆက်နေရန်အတွက် ပြီးခဲ့သည့်နွေရာသီက PSG အသင်း၏ တစ်ပတ်လစာ ပေါင် (၄၀၀၀၀၀) ကျော်ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင် ပွဲစုံ (၄၄) ပွဲတွင် (၂၇) ဂိုးသွင်းယူထားကာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးရာသီကို ပိုင်ဆိုင်ထားသည်။

သို့သော် ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတွင် ရုန်းကန်ခဲ့ရပြီး မန်ယူအသင်းက စာချုပ်ပါအချက်အရ တစ်နှစ်သက်တမ်းမတိုးမီ PSG အသင်းက ၎င်းကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

The Athletic သတင်းဌာန၏ ဖော်ပြချက်အရ ပြီးခဲ့သည့်နွေရာသီတွင် ရပ်ရှ်ဖို့ဒ်သည် ၎င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ရခက်နေချိန်တွင် PSG အသင်းက တစ်ပတ်လစာ ပေါင် (၄၀၀၀၀၀) ကျော်ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့သော် ရပ်ရှ်ဖို့ဒ်သည် ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ရာ မန်ယူအသင်းတွင် ဆက်ကစားလိုသည့် အတွက် PSG အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်ကို လစာတိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။