ထိုင်းတွင် မြန်မာအပါ ခြောက်နိုင်ငံ ဗီဇာမလိုဘဲ နေထိုင်ခွင့် ၁၄ ရက်သို့လျှော့ချ

ထိုင်းနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအတွက် ယခင်က ၄၅ ရက်အခမဲ့ဗီဇာရရှိခဲ့သော်လည်း ဧပြီ ၁ ရက်မှ စတင်ကာ ၁၄ ရက်သာရရှိတော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ယခင်အတိုင်း အခမဲ့ဗီဇာ (Visa Free) ဖြင့် ၁၄ ရက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ရက်ရှည်နေထိုင်လိုသူများအနေဖြင့် ထိုင်းသံရုံး (ရန်ကုန်) ၌ ဗီဇာလျှောက်ထား၍ လာရမည်ဖြစ် ကြောင်း အသိပေးအပ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက်အတွင်း လာရောက်ကြသော နိုင်ငံအသီးသီးမှ နိုင်ငံသားများနှင့် ပတ်သက်၍ အခမဲ့ဗီဇာ (Visa Free) သဘော တူညီမှုရရှိထားသော နိုင်ငံသားများတွင် မြန်မာနိုင်ငံလည်း ပါဝင်ပြီး အခမဲ့ဗီဇာဖြင့် ၄၅ ရက်နေထိုင်နိုင်ကြောင်း၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိထားသော နိုင်ငံသားများသည် ၃၀ ရက်အထိ နေထိုင်ခွင့်ရရှိခဲ့သည်။

ယင်းသို့ ပြောင်းလဲသတ်မှတ်ချက်တွင် မြန်မာနိုင်ငံသာမက ကမ္ဘောဒီးယား၊ လာအို၊ မကာအို၊ မွန်ဂိုလီးယား၊ ရုရှားနှင့် နိုင်ငံအချို့လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။