၅ ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ကျေနပ်နေတဲ့ ဆွန်ဟောင်မင်

တနင်္ဂနွေညမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ စပါးအသင်းဟာ လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းကို ၂ ဂိုး ပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ၂ ပွဲဆက်အရှုံးကနေ ပြန်လာနိုင်ခဲ့ပါတယ်။ စပါးအတွက်ဂိုးတွေကိုတော့ အီမာဆင်နဲ့ ဆွန်ဟောင်မင်တို့က ဒုတိယပိုင်းမှာ သွင်းပေးခဲ့ကြတာပါ။ ဆွန်ဟောင်မင်ဟာ ဇန်နဝါရီလ ၅ ရက်နေ့က ပဲလေ့စ်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်ခဲ့တာ ၄၅ ရက်အထိ ကြာမြင့်နေခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ၆၈ မိနစ်မှာ ရစ်ချာလီဆန်ရဲ့နေရာမှာ ဝင်ကစားခွင့်ရခဲ့တာပါ။ ကွင်းထဲရောက်ပြီး ၄ မိနစ်အကြာမှာပဲ ဟာရီကိန်းရဲ့ ပေးပို့မှုကနေ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အရန်ခုံကနေထလာပြီး ဂိုးသွင်းနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဆွန်ဟောင်မင်က ကစားသမားတိုင်းက အရန်ခုံမှာမထိုင်ချင်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အရန်ခုံထိုင်ရချိန်တွေမှာ အသင်းကို ဘယ်လိုကူညီပေးနိုင်မလဲလို့ အမြဲတွေးနေခဲ့တာ အသင်းကို စရောက်ချိန်ကတည်းကပါပဲ။ ဒီနေ့မှာ ခက်ခဲတဲ့ပွဲတစ်ပွဲကို ပေးဂိုးမရှိဘဲ အနိုင်ရခဲ့သလို ကျွန်တော်လည်း ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ် လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပင်နယ်တီမပါဘဲ ပရီးမီးယားလိဂ်သွင်းဂိုး ၂၃ ဂိုး ရရှိခဲ့ပြီး ရွှေဖိနပ်ဆုရခဲ့သူပါ။ ဒီရာသီမှာတော့ ခြေစွမ်းကျဆင်းသွားခဲ့ပြီး ပရီးမီးယားလိဂ် ၂၂ ပွဲမှာ ၅ ဂိုးသာ ရရှိထားသူဖြစ်ပါတယ်။  shwesports