ပြည်တွင်းဆန်ဈေး ဆက်တိုက်မြင့်တက်

လတ်တလော ပြည်တွင်းဆန်ဈေး ဆက်တိုက် မြင့်တက်လာနေပြီး လက်လီဈေးကွက်တွင် ဆန်တစ်အိတ်ဈေး ယခင်ထက် ကျပ် ၂၀၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း သိရသည်။

ပြည်တွင်းဆန် လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း(သစ်)တစ်အိတ်လျှင် ကျပ် ၇၈၀၀၀ မှ ၈၇၀၀၀ ကြား၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်း(သစ်)တစ်အိတ်လျှင်ကျပ် ၇၂၀၀၀ မှ ၇၅၀၀၀ ကြား၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၇၀၀၀၀ မှ ၇၃၀၀၀ ကြား၊ ဒေးဒရဲပေါ်ဆန်း(သစ်)တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ မှ ၇၃၀၀၀ ကြား၊ ပေါ်ဆန်းနယ်စုံ(သစ်)တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ မှ ၇၀၀၀၀ ကြား၊ ခွံနီရှယ်တစ်အိတ်လျှင် ကျပ် ၆၂၀၀၀ မှ ၆၄၀၀၀ ကြား၊ ဒေးဒရဲကြားပျံ(သစ်)တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ မှ ၇၃၀၀၀ကြား၊ ရက် ၉၀ (သစ်)တစ်အိတ်လျှင် ကျပ် ၅၈၀၀၀ မှ ၆၁၀၀၀ကြား၊ ငစိန်(သစ်)တစ်အိတ်လျှင် ကျပ် ၄၈၀၀၀ မှ ၅၀၀၀၀ကြား၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်းတစ်အိတ်လျှင် ကျပ် ၅၁၀၀၀ မှ ၅၃၀၀၀ ကြား၊ ပေါ်ဆန်း(သစ်)ရှယ်တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ မှ ၇၁၀၀၀ ကြားတွင် ဈေးပေါက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စာရင်းများအရ သိရသည်။

“ဆန်ဈေးတက်တဲ့နေရာမှာ Export Control က အဓိကကျနေတယ်။ နိုင်ငံခြားကို ပို့ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဈေးကြောင့် ပို့ကုန်သမားတွေက ဈေးဆွဲတင်တဲ့အတွက်ကြောင့် ဆန်ဈေးက ဂယောက်ဂယက်ဖြစ်ပြီး ဈေးတက်နေတာဖြစ်တယ်။ အခုလို မျိုးဆန်ဈေးတက်တဲ့အတွက်ကြောင့် အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးက အတော်လေး ကျပ်တည်းလာနေပါတယ်”ဟု Farmer Development Bank (FDB)၏ Consultant  ဦးသက်ဇော်က ဆိုသည်။

လက်ရှိ ပြည်တွင်းတွင် ဆန်စပါး အဓိကစိုက်ပျိုးရာဒေသများတွင် မတည်ငြိမ်မှုများကြောင့် စိုက်ပျိုးထုတ်လုပ်မှု နည်းပါးလာခဲ့ပြီး ပြည်ပဆန်ဝယ်လိုအား မြင့်တက်လာသည့် အခြေအနေကြောင့် ဈေးမြင့်တက်လျက်ရှိနေကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းဆန်အား ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အာဆီယံဒေသတွင်း နိုင်ငံများအပြင် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိနေကြောင်း သိရသည်။

source; sdtimedaily