ချစ်သူဟောင်း ပီကေးအကြောင်းသီဆိုထားသည့် ရှကီယာ၏ သီချင်းအသစ် YouTube တွင် ကြည့်ရှုသူစံချိန်တင်

ချစ်သူဟောင်း ပီကေးက ၎င်းအပေါ် ဖောက်ပြန်သည့်အကြောင်း ရေးသားသီဆိုထားသည့် ရှကီယာ၏ သီချင်းအသစ် သည် YouTube တွင် စံချိန်တင်ခဲ့သည်ဟု သိရသည်။ Out of Your league တေးသီချင်းဗီ ဒီယိုသည် ၂၄ နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေပေါင်း ၆၃ သန်းကျော်ရှိပြီး ယင်းသည်လက်တင်တေးသီချင်းတစ်ပုဒ်အတွက် ထိုအချိန်ကာလ အတွင်း ကြည့်ရှုမှုအများဆုံး ဖြစ်လာခဲ့သည်။ အသက် ၄၅ နှစ်အရွယ် ရှကီယာနှင့်အသက် ၃၅ နှစ်အရွယ် ဘာစီလိုနာဘောလုံး ကစားသမားဟောင်း ပီကေးတို့သည် ၁၀ နှစ် ကျော်ကြာ တွဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။ ၎င်းတို့စုံတွဲတွင် ကလေး နှစ်ဦးလည်းရှိသည်။

လေးမိနစ်ကြာသည့် ယင်းပေါ့သီချင်းသည် ရှကီယာနှင့် အာဂျင်တီးနားထုတ်လုပ်သူနှင့် ဒီဂျေ Bizarrap တို့နှစ်ဦး အနုပညာအလုပ် တွဲဖက်လုပ်ကိုင်သည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။ ရှကီယာသည် ဂျေဘယ်ဗင်၊ လူးဝစ် ဖွန်ဆီနှင့် ဒယ်ဒီယန်းကီးအပါအဝင် YouTube မှတ်တမ်းများကို စံချိန်ချိုးခဲ့သည့် လက်တင် အနုပညာရှင်စာရင်းတွင် ပါဝင်လာခဲ့သည်။ ယင်းသည် လမ်းခွဲခဲ့သည့်အကြောင်း သီဆိုထားသည့် ပထမဆုံးသီချင်းမဟုတ်ဘဲ လွန်ခဲ့သည့် သုံးလခန့်က Monotonia အမည်ရှိ အသည်းကွဲသီချင်းတစ်ပုဒ် ထွက်ရှိထားခဲ့သည်။ အသစ်ထွက်ရှိလာသည့် သီချင်းတွင် ရှကီယာသည် ပီကေးအား ၎င်း၏ချစ်သူအသစ်ဖြစ်ဖွယ်ရှိသော အသက် ၂၃ နှစ်အရွယ် မိန်းကလေး တစ်ဦးတို့အကြောင်းကို သီဆိုထားသည်။

ရှကီယာက ပီကေး၏ မိသားစုဝင်များနှင့် ပိုမိုရင်းနှီးလာခဲ့ချိန်တွင် ပီကေး၏ ထားသွားချင်းခံခဲ့ရသည်ဟု သီချင်းထဲ တွင် သီဆိုထားသည်။ ထို့ပြင် ရှကီယာက ပီကေး၏လေ့ကျင့်ခန်းပြုလုပ်သည့် နည်းစနစ်ကိုလည်း သီချင်းထဲတွင် “အားကစားခန်းမမှာ အချိန်တွေ အများကြီးကုန်ဆုံးနေပေမဲ့ မင်းရဲ့ဦးနှောက်ကလည်း အနည်းငယ်အလုပ်လုပ်ဖို့ လိုအပ်နေသေးတယ်” ဟု ထည့်သွင်းသီဆိုထားသည်။ ပီကေးသည် ယင်းသီချင်းနှင့်ပတ်သက်၍ အွန်လိုင်းပေါ်တွင် တစ်စုံတစ်ရာတုံ့ပြန်ထားခြင်းမရှိပေ။