မသန်စွမ်းတဲ့သူတွေအတွက် Gym အခမဲ့ဖွင့်ပေးထားတဲ့ အမျိုးသား

ဂျာဗီနို မက်လိန်းက အရင်ကတော့ ပရော်ဖက်ရှင်နယ်အားကစားသမားတစ်ယောက်ပါ။ အခုတော့ သူက မှတ်ဉာဏ်ချို့ယွင်းတဲ့သူတွေနဲ့ မသန်စွမ်းတဲ့သူတွေအတွက် ဟီးရိုးတစ်ယောက်ဖြစ်နေပါတယ်။ ဂျာဗီနိုက သူတို့အတွက် သီးသန့် Gym တစ်ခု ဖွင့်ထားလို့ပါ။ သူဟာ အခကြေးငွေမယူဘဲ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာအောင် ကူညီပေးဖို့ မန်ချက်စတာမြို့မှာ J7 Community Health Center ကို ဖွင့်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂျာဗီနိုက မသန်စွမ်းတဲ့သူတွေ၊ နာမကျန်းတဲ့သူတွေကို သူ့ရဲ့အချိန်တွေပေးပြီး လေ့ကျင့်ပေးနေတာပါ။ သူတို့ဆီကနေ ငွေကြေးတစ်စုံတစ်ရာ ပြန်မတောင်းပါဘူး။ လက်ရှိမှာတော့ သူက မသန်စွမ်းကလေး (၁၅) ယောက်နဲ့ သက်ကြီးရွယ်အို အယောက် (၃၀) ကျော်တို့ကို ကူညီပေးဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာလည်း သူက မသန်စွမ်းတဲ့သူတွေကို ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်လို့ရအောင် ကူညီပေးနေတာကို တွေ့ရပါတယ်။ ဂျာဗီနိုက သူတို့ကို ကူညီပေးနေရတာက ကျေနပ်နေသလို သူ့ရဲ့ဖောက်သည်တွေကလည်း လေ့ကျင့်ခန်းလုပ်ရိုးလုပ်စဉ်တွေကို နှစ်သက်သဘောကျနေပုံ ရပါတယ်။ ဂျာဗီနိုရဲ့ဖောက်သည်တွေထဲမှာ အသက် ၁၁ နှစ်အရွယ် ဦးနှောက်အကြောသေရောဂါကို ခံစားနေရတဲ့ မာလေး ဖန်တန်လည်း ပါဝင်ပါတယ်။ မာလေးကို နေ့စဉ်အခြေခံလေ့ကျင့်ခန်းတွေလုပ်ပေးဖြစ်တာကြောင့်  သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တိုးတက်လာပါတယ်။ အချင်းချင်းသိကြတဲ့ အချိန်တိုလေးအတွင်းမှာ ဂျာဗီနိုက သူ့သားအပေါ် များစွာအကျိုးသက်ရောက်မှုဖြစ်စေပြီး ဘယ်တော့မှ အရှုံးမပေးဖို့နဲ့ ယုံကြည်မှုရှိဖို့ တွန်းအားပေးဖြစ်တယ်လို့ မာလေးရဲ့အမေက ဆိုပါတယ်။

 source:yoyarlaysport