တိုယိုတာက ထိုင်းနိုင်ငံ EV ဈေးကွက်ထဲဝင်ရောက်တော့မည်

တိုယိုတာကုမ္ပဏီသည် အစိုးရထောက်ပံ့ကြေးများအပေါ်အမှီပြုလျက် ထိုင်းနိုင်ငံလျှပ်စစ်ကားဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ကာ ခြေကုပ်ယူနိုင်ရန်ကြိုးစားနေပြီး ထိုင်းနိုင်ငံ၌လျှပ်စစ်ကားများကို စတင်ရောင်းချမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင်စတင်မိတ်ဆက်ရောင်းချမည့် bZ4X အမည်ရှိလျှပ်စစ်ကားသည် တိုယိုတာ၏နာမည်ကြီး Lexus အမှတ်တံဆိပ်ဇိမ်ခံကားပြီးနောက် ပထမဆုံးထုတ်လုပ်သည့် လျှပ်စစ်ကားဖြစ်ကြောင်းလည်း သိရှိရသည်။ ဂျပန်၌ထုတ်လုပ်မည့်အဆိုပါလျှပ်စစ်ကားကို ထိုင်းဘတ်ငွေ ၁ ဒသမ ၈၃ သန်း(ဒေါ်လာ ၄၉,၉၀၀) နှင့် ရောင်းချမည်ဖြစ်ပြီး အရောင်ခြောက်မျိုးဖြင့် ထုတ်လုပ်မည်ဟုသိရှိရသည်။

bZ4X အမျိုးအစားလျှပ်စစ်ကားသည် တစ်ကြိမ်အားသွင်းထားပြီးလျှင် ခန့်မှန်းခြေကီလိုမီတာ ၄၀၀ အထိ သွားနိုင်ကြောင်းဖော်ပြထားပြီး ထိုအကွာအဝေးသည်လျှပ်စစ်ကားများထဲတွင် အမြင့်ဆုံးသွားနိုင်သည့် အကွာအဝေး ဖြစ်ကြောင်း သိရှိရသည်။

တိုယိုတာသည်ထိုင်းနိုင်ငံ၏ထိပ်တန်းကားကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကားအစီးရေ ၂၄၀,၀၀၀ အထိ ရောင်းချနိုင်ခဲ့သည်။ ယခုထပ်မံထုတ်လုပ်သည့် bZ4X လျှပ်စစ်ကားများအတွက်လည်း အရောင်းရဆုံး အဆင့်တွင် ဆက်လက်ရပ်တည်ဖို့မျှော်မှန်းထားသည်။ သို့သော် ဂျပန်နှင့်ယှဉ်ပါက ဈေးပိုသက်သာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများနှင့် ယှဉ်ပြိုင်ရောင်းချရဦးမည်ဖြစ်သည်။

ကမ္ဘာ့စတုတ္ထအကြီးဆုံး လျှပ်စစ်ကားကုမ္ပဏီဖြစ်သည့် တရုတ် BYD ကုမ္ပဏီသည် ထိုင်းနိုင်ငံ၌ အသေးစား လျှပ်စစ်ကား အမျိုးအစား SUV ATTO3 အား ဘတ် ၁ ဒသမ ၂ သန်းဖြင့် ရောင်းချပေးနေကြောင်း သိရှိရသည်။

Source :Nikkei Asia