အောင်သူ၊ မောင်မောင်လွင် အပါအဝင် ထိုင်းလိဂ်များတွင် ကစားနေသည့် ကစားသမားများကို ခေါ်ယူသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် ဆို

၂၀၂၂ AFF Cup ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက အောင်သူ၊ မောင်မောင်လွင် အပါအဝင် ထိုင်းလိဂ်များတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမားများကို ပြန်လည်ခေါ်ယူသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ယခုနှစ်ရာသီတွင် ထိုင်လိဂ်များတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမား(၁၅) ဦး အထိရှိနေပြီး ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် (၅) ဦး၊ ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင်(၇) ဦး၊ ထိုင်းလိဂ်-၃ ပြိုင်ပွဲတွင် (၃) ဦး ရှိနေကြောင်း သိရသည်။

ထို့ပြင် ယခုရာသီတွင် မလေးရှား၊ လာအို၊ ကမ္ဘောဒီးယားလိဂ်များတွင်လည်း သွားရောက်ကစားနေသည့် မြန်မာကစားသမား(၃) ဦး ရှိနေသည်။ ထိုင်းလိဂ်များတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမား(၁၅) ဦးမှာ အောင်သူ၊ မောင်မောင်လွင်၊ ဇော်မင်းထွန်း၊ ဟိန်းဖြိုးဝင်း၊ မျိုးမင်းလတ်(ဂိုး)၊ ငြိမ်းချမ်းအောင်၊ စိုးမိုးကျော်၊ ဆွမ်လမန်၊ လွင်မိုးအောင်၊ အောင်ကောင်းမာန်၊ ငြိမ်းချမ်း၊ အောင်ကျော်နိုင်၊ သန်းပိုင်၊ ကောင်းထက်စိုး၊ ရန်လင်းအောင်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မလေးရှားစူပါလိဂ်ပြိုင်ပွဲတွင် ဟိန်းထက်အောင်၊ လာအိုလိဂ်-၁ ပြိုင်ပွဲတွင် အီစိုး၊ ကမ္ဘောဒီးယားလိဂ်-၂ ပြိုင်ပွဲ တွင် သီဟဇော်တို့ ကစားနေလျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဟောင်း ဝါရင့်တိုက်စစ်မှူးတစ်ဦဖြစ်သူ ကျော်ကိုကိုမှာမူ ယခုရာသီတွင် အသင်းလက်မဲ့ ဖြစ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နှင့် ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) တို့၏ သဘောတူညီမှုအရ မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်းတို့သည် ၂၀၂၂  AFF Cup ပြိုင်ပွဲမတိုင်မီ ခြေစမ်းကစားရန်သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

ယင်းခြေစမ်းပွဲကို လာမည့် ဒီဇင်ဘာ (၁၁) ရက်တွင် ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းခြေစမ်းပွဲ နှင့် ပတ်သက်၍ ဒေသတွင်းမီဒီယာများက အတိအကျဖော်ပြနေလျက်ရှိသော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) နှင့် ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) တို့ကမူ လက်ရှိအချိန်အထိ တရားဝင်သတင်းထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် စက်တင်ဘာအတွင်းက ဟောင်ကောင်သို့သွားရောက်၍ ဟောင်ကောင် လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ ပထမပွဲ၌ (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲတွင် ဂိုးမရှိ သရေကျခဲ့သည်။  မြန်မာအသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးသည် ဟောင်ကောင်အသင်းနှင့် ကစားသည့် ခြေစမ်းပွဲများအတွက် ပြည်တွင်းအခြေစိုက်ကစားသမားများသာ ခေါ်ယူသွားခဲ့သည်။ Elevensport