လူ့အခွင့်အရေး က တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ်တွေက ဖီဖာကို တုန့်ပြန်

ကာတာ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်မယ့် နိုင်ငံတွေအနေနဲ့ အခုအချိန်မှာ ဘောလုံးကိုပဲ အာရုံစိုက်သင့်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာ က ပြောကြားခဲ့ပြီးနောက်မှာ လူ့အခွင့်အရေး က တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်ပြီး နေရာတိုင်းမှာ အကျုံးဝင်တယ်လို့ ဥရောပဘောလုံး အဖွဲ့ချုပ် ဆယ်ခု က တုန့်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား အိမ်ရှင် ကာတာရဲ့ ရွှေ့ပြောင်းအလုပ်သမားများအပေါ်ဆက်ဆံပုံ၊ လူ့အခွင့်အရေးမှတ်တမ်းနဲ့ လိင်တူစုံမက်သူများအပေါ်ရပ်တည်မှုနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဘောလုံးကိုပဲ အာရုံစိုက်ကြဖို့ ပြိုင်ပွဲဝင် နိုင်ငံ ၃၂ နိုင်ငံဆီ ပေးပို့ခဲ့တဲ့ ဖီဖာရဲ့ စာကို လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ Human Rights Watch နဲ့  Amnesty International တို့က ဝေဖန်ခဲ့ကြပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ဖီဖာဆီက ရှင်းလင်းပြောကြားမှုတွေ ရရှိဖို့ ဆက်ပြီး တွန်းအားပေးသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ က ပြောကြားပါတယ်။

လူမှုဆက်ဆံရေး ပုံစံပေါင်းစုံကို လက်ခံတာ က လူ့အခွင့်အရေးကို ထောက်ခံတာဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေး ဆိုတာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်ပြီး နယ်ပယ်တိုင်းမှာ အကျုံးဝင်တယ်လို့ ဥရောပဘောလုံး အဖွဲ့ချုပ်အဖွဲ့ဝင် ဆယ်နိုင်ငံ က ဖီဖာထံ ပေးပို့တဲ့ စာမှာ ပြောကြားပါတယ်။

-Ref:BBCsport