ဟောင်ကောင်တွင် ဒေါ်လာ ၄၄၆ သန်းတန်ဖိုးရှိ ငွေမည်းခဝါချမှုဖြင့် လူနှစ်ဦးကို ဖမ်းဆီးခဲ့

ဟောင်ကောင် အာဏာပိုင်များသည် အမေရိကန် ဒေါ်လာ ၄၄၆ သန်း တန်ကြေးရှိသော အဖိုးတန်သတ္တုများကို ပြန်လည်ရောင်းချခြင်းဖြင့် ငွေမည်းကို ငွေဖြူလုပ်ခဲ့သော လူနှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်းနှင့် ၎င်းသည် မြို့တော်၏ အကြီးဆုံး ငွေမည်းခဝါချမှု ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် ၂၀၂၀ ပြည့်နှစ် မှ ၂၀၂၁ ခုနှစ်အတွင်း အဖိုးတန်သတ္တု ရှစ်တန်ခန့်ကို ရောင်းချသည့် အကြံအစည်တစ်ခုတွင် ပါဝင်ခဲ့ပြီး အများစုမှာ ရွှေနှင့် ပလေးဒီယမ် (လက်ဝတ်လက်စား လုပ်ရာတွင် သုံးသော ရှားပါသည့် အဖြူရောင် သတ္တုဒြပ်စင်တစ်မျိုး) တို့ဖြစ်ကြောင်း အကောက်ခွန်အရာရှိ လီ့ထာ လီ က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် အဆိုပါဖြစ်စဉ်ထက် ပိုကြီးသော အမှုများကို ဖြိုခွင်းနိုင်ခဲ့သော်လည်း ၎င်းသည် ဟောင်ကောင် အကောက်ခွန်ဌာနမှ နှိမ်နှင်းနိုင်ခဲ့သည့် ငွေမည်းခဝါချမှုများတွင် စံချိန်တင် မှတ်တမ်းတစ်ခု ဖြစ်ကြောင်း လီက ဆိုသည်။

အဖိုးတန်သတ္တုများကို ဟောင်ကောင်တွင် အမည်မဖော်ဘဲ ဝယ်ယူရောင်းချနိုင်ပြီး ၎င်းတို့၏ တန်ဖိုးမြင့်မားမှု၊ အရွယ်အစားသေးငယ်မှုနှင့် သယ်ယူရ လွယ်ကူမှုတို့ကြောင့် ရာဇဝတ်သားများအတွက် မျက်စိကျစရာ ဖြစ်နေကြောင်း လီ က ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် အဖိုးတန်သတ္တုရောင်းဝယ်ရေး ကုမ္ပဏီများနှင့် လက်ဝတ်ရတနာဆိုင်များမှ ငွေပမာဏများစွာ လက်ခံရရှိရန် ကုမ္ပဏီအကောင့်များကို အသုံးပြုခဲ့ပြီးနောက် ထိုငွေများကို လုပ်ငန်းလည်ပတ်မှုမရှိသော ကုမ္ပဏီသေများ သို့မဟုတ် နိုင်ငံခြားဘဏ်စာရင်းများသို့ အမြန်လွှဲပြောင်းခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ဆက်နွှယ်နေသည်ဟု ယူဆရသော ၎င်းတို့နှစ်ဦးအား ပြီးခဲ့သည့် သောကြာနေ့က ငွေမည်းခဝါချမှုဖြင့် ဖမ်းဆီးခဲ့ပြီး အာမခံဖြင့် လွှတ်ထားသော်လည်း ဆက်လက်စုံစမ်းမှုများ ပြုလုပ်နေဖြစ်သည်။

ဖမ်းဆီးရမိခဲ့သော အဖိုးတန်သတ္တုများ၏ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးနေပြီး နောက်ထပ် ဖမ်းဆီးမှုများမရှိ တော့ဟု မဆိုနိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

Source: CNA