(၂၄)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စု အဆင့်မှ ဘာစီလိုနာအသင်း (၂)ရာသီဆက်တိုက် ထွက်ခွာခဲ့ရ

စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည်  ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ ပြီးနောက် (၂၄)နှစ်အတွင်း အသင်းသမိုင်း၏ မှတ်တမ်းဆိုးတစ်ခုကို ပထမဆုံးအကြိမ် ပြန်လည်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ယခုရာသီအပါဝင် ချန်ပီယံလိဂ် အုပ်စုအဆင့်မှ (၂)ရာသီဆက်တိုက် ထွက်ခွာခဲ့ရခြင်းဖြစ်ခဲ့ပြီး နည်းပြဟောင်း ဗန်ဟားလ်လက်ထက် ၁၉၉၇-၉၈၊ ၁၉၉၈-၉၉ ရာသီ (၂)ရာသီဆက်တိုက် အုပ်စုမှထွက်ခဲ့ရပြီးနောက်ပိုင်း ယင်းမှတ်တမ်းဆိုးကို တစ်ကျော့ပြန်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် အသင်းသမိုင်းတစ်လျှောက်တွင် ချန်ပီယံလိဂ်ဆုဖလားအား (၅)ကြိမ်အထိရရှိကာ ပြိုင်ပွဲ သမိုင်း၏ ပဉ္စမမြောက်အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားသော်လည်း ယခုနောက်ပိုင်းနှစ်များတွင် အသင်း၏ရှုထောင့် ပေါင်းစုံကျဆင်းမှုများနှင့်အတူ ပြိုင်ပွဲ၏ အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ရန်ပင် ရုန်းကန်နေရခြင်း ဖြစ်သည်။ ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ဘောလုံးရာသီချန်ပီယံလိဂ်ပြိုင်ပွဲအုပ်  အဆင့်အတွင် ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာ၊ ဒိုင်နမိုကိဗ်အသင်းများနှင့်အတူ ကျရောက်ခဲ့ရာ၌ (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံး ရမှတ်(၇)မှတ်ဖြင့် အုပ်စု တတိယနေရာတွင်သာရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ် ပြိုင်ပွဲသို့ ကူးပြောင်းယှဉ်ပြိုင်ခဲ့ရသည်။

ထို့အတူ ဘာစီလိုနာအသင်းအနေဖြင့် ယခုရာသီချန်ပီယံလိဂ်အုပ်စုအဆင့်တွင်လည်း ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ ပယ်လ်ဇန်အသင်းများနှင့်အတူ ကျရောက်ခဲ့ရာ၌ အုပ်စုပွဲစဉ်များ မပြီးဆုံးသေးခင်မှာပင် အုပ်စုတတိယနေရာဖြင့် ယူရိုပါလိဂ်သို့ ကူးပြောင်း ယှဉ်ပြိုင်ရန် သေချာခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းအနေဖြင့် နည်းပြဇာဗီလက်အောက် ယခုရာသီတွင် လာလီဂါပြိုင်ပွဲ၌ ရလဒ်ကောင်းများရရှိပြီး အဆင့် (၂)နေရာတွင် ရပ်တည်နေသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ အုပ်စုပွဲစဉ် (၅)ပွဲကစားပြီးချိန်တွင် နိုင်ပွဲ (၁)ပွဲသာရသည်အထိ အခြေအနေဆိုးရွားခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်း၏ ချန်ပီယံလိဂ်မှတ်တမ်းဆိုးနှင့်အတူ နည်းပြဇာဗီ၏အနာဂတ်မှာလည်း ဖိအားပိုများလာခဲ့ပြီး စပိန်မီဒီယာများ၏ဖော်ပြမှုအရ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာမှာ အင်တာမီလန်အသင်းအား အိမ်ကွင်းတွင် (၃-၃)ဂိုး သရေကျသည့် အုပ်စုပွဲစဉ် (၄)အပြီးမှာပင် အသင်း၏အခြေအနေအပေါ် စိတ်ဆိုးဒေါသထွက်လျက် ရှိနေကြောင်းသိရသည်။ Elevensport