ကိုဗစ်ပပျောက်မှုအောင်ပွဲမြောက်ကိုရီးယား ကြေငြာ၊ ကင်မ်ဂျုံအန်းကိုယ်တိုင် ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ၎င်း၏တိုင်းပြည်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကိုအောင်နိုင်ပြီဟု ကြေငြာခဲ့ပြီး ၎င်း၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံက ကင်မ်ဂျုံအန်းကိုယ်တိုင်  ကူးစက်မှုဒဏ်ခံခဲ့ရကြောင်း နှင့် ဗိုင်းရပ်စ်ကူးစက်မှုကို ဖြစ်ပေါ်စေခဲ့သည့် တောင်ကိုရီးယားကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဟု ကတိပြုခဲ့သည်။ ကင်ဂျုံအန်းသည် မေလတွင် ချမှတ်ခဲ့သည့် အမြင့်ဆုံးကပ်ရောဂါတိုက်ဖျက်ရေး အစီအမံများကို ရုပ်သိမ်းရန် အမိန့်ပေးခဲ့သည်။

 သို့ရာတွင် မြောက်ကိုရီးယားသည် သံမဏိကဲ့သို့ ခိုင်ခံ့သော ကပ်ရောဂါတိုက်ဖျက်ရေး အတားအဆီးကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် တစ်ကမ္ဘာလုံးတွင် အဆိုပါကပ်ရောဂါ ပပျောက်သွားသည့်တိုင် ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရမည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနက ဩဂုတ်လ ၁၁ ရက် ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

ကင်မ်သည် နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း မရှိသော အရာရှိများနှင့်အတူ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် ကိုဗစ် မူဝါဒဆိုင်ရာ အစည်းအဝေး၌ မိန့်ခွန်းပြောဆိုရာတွင် အထက်ပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းများမှ ရုပ်သံမှတ်တမ်းများအရ သိရသည်။

ကင်မ်၏ ညီမ ကင်မ်ယိုဂျုံ သည်လည်း ၎င်းအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့သည်။

“သူကိုယ်တိုင် အဖျားကြီးပြီး နာမကျန်းဖြစ်နေခဲ့ပေမယ့် ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကြီး မပြီဆုံးသေးတဲ့ အထိ ကြည့်ရှုစောင့်ရှောက်ပေးရမယ့် သူရဲ့ ပြည်သူတွေအကြောင်းကို စဉ်းစားပြီး ခဏလောက်တောင် အနားမယူနိုင်ခဲ့ပါဘူး” ဟု ကင်မ်ယိုဂျုံက ဆိုသည်။

ကင်မ်၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ အခြေအနေအသေးစိတ်ကို ဖော်ပြမသွားသော်လည်း နယ်စပ်အနီးတွင် တွေ့ရှိခဲ့ရသည့် တောင်ကိုရီယားက ထုတ်ဝေသော လက်ကမ်းစာစောင်များကြောင့် မြောက်ကိုရီးယား၌ ကိုဗစ်ဖြစ်ပွားမှု စတင်ခဲ့သည်ဟု အပြစ်တင်ပြောဆိုခဲ့သည်။

“တောင်ကိုရီးယားဆီက ဒီလိုမျိုး ပြဿနာတွေ အဆက်မပြတ် ဝင်လာတာကို ကျွန်တော်တို့ လျစ်လျူ မရှုနိုင်တော့ဘူး” ဟုပြောဆိုကာ တောင်ကိုရီးယား အာဏာပိုင်များကို ရှင်းပစ်မယ်ဟု ခြိမ်းခြောက်ခဲ့သည်။

တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက မြောက်ကိုရီးယား၌ ကိုဗစ်ဖြစ်ပွားရခြင်းမှာ တောင်ကိုရီးယားကြောင့် ဖြစ်သည်ဟူသော သက်သေမခိုင်လုံသည့် ထပ်တလဲလဲ စွပ်စွဲချက်များနှင့် ၎င်း၏ ရိုင်းပြသော ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ Source: Reuters