တစ်ခါသုံး ပလစ်စတစ်ခွက်များကို ပိတ်ပင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာမည့် ပြင်သစ်

csfg

ပြင်သစ်သည် တစ်ခါသုံး ပလပ်စတစ်ခွက်များ၊ ပန်းကန်ပြားများကို ဥပဒေဖြင့် ပိတ်ပင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာတော့မည်ဟု သိရသည်။

ပြင်သစ်တွင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်အရ ၂၀၂၀ ခုနှစ်မှစ၍ နေအိမ်နှင့် အရောင်းဆိုင်များတွင် အသုံးပြုသည့် ပန်းကန်ခွက်ယောက်များသည် ဇီဝဗေဒ ရင်းမြစ်များမှ ၅၀ ရာခိုင်နှုန်း တည်ဆောက်မှု ပါဝင်ရမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင်မူ အဆိုပါ သတ်မှတ်ချက်သည် ၆၀ ရာခိုင်နှုန်းထိ မြင့်တက်သွားမည်ဟု ဆိုသည်။

ပြင်သစ်၏ စွမ်းအင်ကူးပြောင်းမှုနှင့် သန့်စင်စွမ်းအင် မြှင့်တင်ရေး အက်ဥပဒေပါ ပြဋ္ဌာန်းချက် အသစ်အရ တစ်ခါသုံး ပလပ်စတစ်ခွက်နှင့် ပန်းကန်များကို အသုံးပြုခွင့် တားဆီးသွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွမ်းအင်ညစ်ညမ်းမှု ဖြေရှင်းရေး ကဏ္ဍတွင် ကမ္ဘာ့ဦးဆောင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ပါရီတွင် ကျင်းပခဲ့သည့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ အပြီးတွင် အဆိုပါ ရည်မှန်းချက်ကို ပြင်သစ်အစိုးရက ပိုမို အရှိန်မြှင့်လာခဲ့သည်။

ပြင်သစ်တွင် တစ်ခါသုံး ခွက်နှင့် ပန်းကန်များကို တစ်စက္ကန့်လျှင် အခု ၅၀ မျှ စွန့်ပစ်နေသည်။ တစ်နှစ်လျှင် ယင်းပလပ်စတစ် ပန်းကန်ခွက်ယောက် ၄.၇၃ ဘီလီယံမျှ စွန့်ပစ်နေသည့် သဘောလည်း ဖြစ်သည်။ ၎င်းတို့အနက် ၁ ရာခိုင်နှုန်း မျှကိုသာ ပြန်လည် သန့်စင်ပြုပြင်ပြီး အသုံးပြုနိုင်ခဲ့သည်။

ပြင်သစ်သည် ဇူလိုင်လမှစ၍ စူပါမားကက်များတွင် အပေါ့စား ပလပ်စတစ်အိတ်များ အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့သည်။ အဆိုပါ သတ်မှတ်ချက်သည် နိုင်ငံအချို့တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ထိုကဲ့သို့ စည်းမျဉ်းသတ်မှတ်မှုမျိုး ပထမဆုံး ပြုလုပ်ခဲ့သည်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် အစပြုခဲ့သည်။ ယင်းသတ်မှတ်ချက်ကို တောင်အာဖရိက၊ ကင်ညာ၊ တရုတ်၊ ရဝမ်ဒါနှင့် မက္ကဆီကိုတို့အပြင် အမေရိကန်ရှိ ပြည်နယ်အချို့တွင်ပါ ကျင့်သုံးနေကြောင်း သိရသည်။

Ref: CNN


Leave a Reply